တက်တူး ထိုးတယ်ဆိုတာ လူတစ်ယောက်ရဲ့ စိတ်ခံစားမှုနဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြတဲ့ နည်းလမ်းတစ်ခုပါ။ ကိုယ့်ရဲ့ ခန္ဓာကိုယ်အရေပြားပေါ်မှာ တစ်သက်လုံး စွဲထင်ကျန်ရစ်နေမယ့် တက်တူးပုံတစ်ခုကို ရွေးချယ်ရေးထိုးတော့မယ်ဆိုရင် အတော်လေးကို စဉ်းစားရပါမယ်။ ထိုးမယ့်တက်တူးပုံ ဒီဇိုင်း ၊ တက်တူးရဲ့ အရွယ်အစား ၊ ထိုးမယ့် အရေပြားနေရာ ၊ တက်တူးဆရာ စသည်ဖြင့်ပါ။ ဒီအချက်တွေအားလုံးကို မထိုးခင်သေချာဆုံးဖြတ်မှသာ မှားယွင်းမှု မရှိသလောက်နည်းတဲ့ တက်တူးပုံကောင်းတစ်ပုံ ၊ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ လိုက်ဖက်တဲ့ တက်တူးပုံတစ်ပုံကိုရရှိမှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ တက်တူးထိုးဖို့ စဉ်းစားနေတယ် ၊ ဘယ်လိုတက်တူးပုံ ဒီဇိုင်းတွေရေးထိုးရမလဲ ခေါင်းစားနေသူတွေအတွက် အမိုက်စားဂေါ်သွားစေမယ့် တက်တူးဒီဇိုင်း အချို့ကို မျှဝေပေးချင်ပါတယ်။

(၁) စာလုံး တက်တူးဒီဇိုင်း

tattoo

Photo : The Trend Spotter

စာလုံး တက်တူးတွေက ရိုးရှင်းပေမယ့် ဘယ်တော့မှ ခေတ်နောက်ကျမကျန်ခဲ့တဲ့ အဂေါ်ဆုံး တက်တူးဒီဇိုင်းတွေပါပဲ။ ကိုယ်အကြိုက်ဆုံး စကားစု ၊ စာတန်းတွေကို အရေပြားပေါ်မှာ အဓိပ္ပာယ်ရှိရှိ ပုံဖော်ပြနိုင်ပါတယ်။ ဖောင့်ဒီဇိုင်းနဲ့ စာလုံးအရွယ်အစားကို မိမိစိတ်ကြိုက် ရွေးချယ်နိုင်ပြီး တော်တော်များများကတော့ Arial လို Classic ဖြစ်တဲ့ ဖောင့်ဒီဇိုင်းနဲ့ အနုစိတ်ကျတဲ့ လက်ရေးဒီဇိုင်းတွေကို နှစ်သက်ကြပါတယ်။

(၂) ကင်းမြီးကောက်ပုံ တက်တူးဒီဇိုင်း

Scorpion Tattoo

Photo : The Trend Spotter

ကင်းမြီးကောက်ပုံ တက်တူးဒီဇိုင်းတွေက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အမျိုးသားတွေကြားမှာ လူကြိုက်များတဲ့ ဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။ အထာကျတဲ့ ဂေါ်လီဘဲတွေ ရေးထိုးလေ့ရှိတဲ့ တက်တူးဒီဇိုင်းတစ်ခုဆိုလည်း မမှားပါဘူး။ ကင်းမြီးကောက်ပုံ တက်တူးဒီဇိုင်းတွေက အကာအကွယ်ပေးမှု ဒါမှမဟုတ် ခွန်အားကြီးမှုစတဲ့ အဓိပ္ပါယ်များစွာနဲ့ ဆက်စပ်နေပြီး ယောကျာ်းဆန်မှုကို ဖော်ညွှန်းပြသတဲ့ တက်တူးဒီဇိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

(၃) မျိုးနွယ်စု တက်တူးဒီဇိုင်း

Tribal Tattoo

Photo : The Trend Spotter

အမျိုးသားတွေရဲ့ ပခုံးနဲ့ လက်မောင်းလို နေရာတွေမှာ အများဆုံးတွေ့ရတဲ့ တက်တူးဒီဇိုင်းတစ်ခုပါ။ အချို့ကလည်း ခြေသလုံးမှာ ရေးထိုးလေ့ ရှိကြပါတယ်။ ရှေ့ခေတ်လူတွေကတော့ လူမျိုးစုတစ်ခုရဲ့ ယဉ်ကျေးမှုနဲ့ လူမှုအဆင့်အတန်းကို ကိုယ်စားပြုဖို့အတွက် အဆိုပါ သင်္ကေတတွေကို အသုံးပြုကြပါတယ်။ မတူညီတဲ့ လူမျိုးစုတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေ အပေါ်မူတည်ပြီး ဒီဇိုင်းအမျိုးမျိုး ကွဲပြားနိုင်ပြီး အနုစိတ်လှတဲ့ ကောက်ကြောင်းတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ တက်တူးဒီဇိုင်းတစ်ခုပဲ ဖြစ်ပါတယ်။

(၄) မြွေပုံ တက်တူးဒီဇိုင်း

Snake Tattoo

Photo : The Trend Spotter

အမျိုးသားတွေအတွက် အတော်လေး ဆွဲဆောင်မှုအရှိဆုံး တက်တူးဒီဇိုင်းကိုပြောပါဆိုရင် မြွေပုံ တက်တူးဒီဇိုင်းတွေက မပါမဖြစ်ပါပဲ။ မြွေပုံတက်တူးဒီဇိုင်းတွေကို အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုကြပြီး မွေးဖွားခြင်းနဲ့ အသွင်ပြောင်းခြင်းတို့ကို ကိုယ်စားပြုပါတယ်။ လူမျိုးအလိုက် မတူညီတဲ့ယဉ်ကျေးမှု ၊ ဘာသာတရားတွေပေါ်မူတည်ပြီးလဲ မတူညီတဲ့ အဓိပ္ပာယ်များစွာ ကွဲလွဲသွားပြီး ဥပမာအားဖြင့် ခရစ်ယာန်ဘာသာမှာဆိုရင် မြွေဟာအပြစ်ကို ကိုယ်စားပြုပြီး ဂျပန်လူမျိုးတွေအတွက်တော့ ကံကောင်းခြင်းနဲ့ ကြွယ်ဝချမ်းသာမှုကို ဆောင်ကြဉ်းပေးတယ်လို့ သဘောသက်ရောက်ပါတယ်။

(၅) နဂါးပုံ တက်တူးဒီဇိုင်း

Dragon Tattoo

Photo : The Trend Spotter

ဉာဏ်ပညာကြီးမားမှု ၊ ကြောက်ရွံ့ခြင်း ကင်းမဲ့မှုနဲ့ စွမ်းအားကြီးမားမှုတွေရဲ့ သင်္ကေတကတော့ နဂါးပုံ တက်တူးဒီဇိုင်းပါ။ အမျိုးသားတွေကြားမှာ ရေပန်းအစားဆုံးနဲ့ ရေထိုးမှုအများဆုံး တက်တူးဒီဇိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဥရောပဒဏ္ဍာရီတွေနဲ့ အာရှယဉ်ကျေးမှုတွေပေါ်မူတည်ပြီးလည်း နဂါးပုံတက်တူးတွေက အဓိပ္ပာယ်များစွာ ကွဲပြားမှုတွေ ရှိပါတယ်။ အကောင်းနဲ့အဆိုး ၊ ရေနဲ့ မီး ဆိုတဲ့ ဆန့်ကျင်ဘက် သဘောတရားတွေကိုလည်း ဖော်ဆောင်ပြီး စိတ်အားထက်သန်မှု ၊ လျို့ဝှက်နက်နဲမှုနဲ့ ပြင်းထန်မှုတွေကိုလည်း ကိုယ်စားပြုပါတယ်။

(၆) နှင်းဆီပန်းပုံ တက်တူးဒီဇိုင်း

Rose Tattoo

Photo : The Trend Spotter

အမျိုးသားတွေနဲ့ နှင်းဆီပန်းက ဘာမှမလိုက်ဖက်ဘူးထင်နေရင် မှားသွားပါပြီ။ နှင်းဆီပန်းပုံ တက်တူးဒီဇိုင်းက ယောကျာ်းလေးတွေအတွက် ဆွဲဆောင်မှုရှိရှိ လိုက်ဖက်တဲ့ တက်တူးတစ်ခုဖြစ်သလို အဓိပ္ပာယ်အရှိဆုံး တက်တူးဒီဇိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ အလှတရားနဲ့ နာကျင်မှုကြား အဓိပ္ပါယ်များစွာ ဆက်စပ်နေပြီး မတူညီတဲ့ အရောင်တွေပေါ်မူတည်ပြီးလည်း အဓိပ္ပါယ်အမျိုးမျိုး ကွဲနိုင်ပါတယ်။ အနီရောင်နှင်းဆီပန်းဟာ ချစ်ခြင်းမေတ္တာ ၊ လိုချင်တပ်မက်မှုနဲ့ စိတ်အားထက်သန်မှုတို့ကို ရည်ညွှန်းပြီး အဝါရောင်နှင်းဆီကတော့ ခင်မင်ရင်းနှီးမှုနဲ့ ပျော်ရွှင်မှုတို့ကို ကိုယ်စားပြုပါတယ်။

Featured Photo : DMARGE