ကမ္ဘာတစ်ဝှမ်း နှစ်စဉ်ယာဉ်တိုက်မှု ယာဉ်မတော်တဆမှု ဖြစ်စဉ်များကြောင့် လူပေါင်းများစွာ အသက်ရှုံးနေရပါတယ်။ မော်တော်ယာဉ်မောင်းနှင်မယ့် သူတစ်ယောက်အနေနဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို အမှန်တကယ် လိုက်နာကျင့်သုံးရမှာဖြစ်ပြီး ယာဉ်မောင်းနေစဉ်မှာလည်း ဂရုတစိုက်ဆင်ခြင် မောင်းနှင်မှာသာ လိုရာခရီးကို အန္တရာယ်ကင်းကင်းသွားရောက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ယာဉ်မောင်းနေစဉ် မထင်မှတ်ဘဲ လုပ်မိတဲ့အမှားတွေကို ဆင်ခြင်နိုင်စေဖို့ ပြောပြပေးချင်ပါတယ်။

(၁) ဖုန်းအသုံးပြုခြင်း

Source : Whiplash

ယာဉ်မောင်းနေစဉ် ဖုန်းအသုံးပြုတယ်ဆိုတာ တော်တော်လေးကို အန္တရာယ်များတဲ့ လုပ်ရပ်တစ်ခုပါ။ ယာဉ်မောင်းသူတစ်ယောက်အနေနဲ့ လမ်းမပေါ် ကားဘက်မှန် စတာတွေကိုပဲ အာရုံစိုက်ထားရမှာဖြစ်ပါတယ်။ ဖုန်းကြည့်လိုက် မောင်းလိုက်လုပ်နေမယ်ဆိုရင်တော့ မလိုလားအပ်တဲ့ အန္တရာယ်တွေကြုံတွေ့လာနိုင်တာဖြစ်တာကြောင့် ယာဉ်မောင်းနေစဉ် ဖုန်းအသုံးပြုတာတွေကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။

(၂) အစားစားခြင်း

Source : Dryve

ယာဉ်မောင်းနေသူ ဘေးမှာလိုက်ပါတဲ့ သူတစ်ယောက်အနေနဲ့ ကားစီးရင်းအစားစားတာ ပြဿနာတစ်ခုမဟုတ်ပေမယ့် ယာဉ်မောင်းသူကိုယ်တိုင် အစားစားမယ်ဆိုရင်တော့ လုံးဝအဆင်မပြေနိုင်ပါဘူး။ ယာဉ်မောင်းနေစဉ် အစားစာမယ်ဆိုရင် အစားပေါ်ပဲ စိတ်ရောက်ပြီး ရှေ့မှာကြုံလာမယ့် မတော်တဆမှုတွေကို မြင်နိုင်တာမဟုတ်တဲ့အတွက် အရမ်းကိုအန္တရာယ်များတဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်။

(၃) အိပ်ငိုက်ခြင်း

Source : grist.org

ယာဉ်မောင်းနေစဉ်အိပ်ငိုက်ခြင်းကြောင့် ယာဉ်တိမ်းမှောက်မှု မတော်တဆမှုတွေ စတဲ့အဖြစ်အပျက်ဆိုးတွေ မကြာမဏဖြစ်ပွားလေ့ရှိပါတယ်။ ဒီပြဿနာဟာ ဟိုင်းဝေးလမ်းမောင်းရတဲ့ ယာဉ်များတွေတော်တော်များများ ကြုံတွေ့ရတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။ ကိုယ်အနေနဲ့ ယာဉ်မောင်းနေစဉ် အရမ်းအိပ်ငိုက်လာတယ်ဆိုရင်တော့ ကြိတ်မှိတ်ပြီး ဆက်မောင်းတာထက်စာရင် လူလဲမောင်းနှင်တာမျိုး လမ်းမှာခဏရပ်ပြီးတစ်ရေးလောက် အိပ်လိုက်တာမျိုးတွေပြုလုပ်သင့်ပါတယ်။

(၄) ဒေါသထွက်ခြင်း

Source : Kars4Kids

တစ်ခါတစ်လေမှာ အကြောင်းအမျိုးမျိုးကြောင့် ယာဉ်မောင်းနေစဉ် ဒေါသထွက်စရာကိစ္စတွေ ကြုံလာရတတ်ပါတယ်။ ဒေါသထွက်နေစဉ်မှာ ယာဉ်မောင်းနှင်တာဟာလည်း အရမ်းကိုအန္တရာယ်များတဲ့ လုပ်ရပ်တစ်ခုပဲဖြစ်ပါတယ်။ ယာဉ်မောင်းတယ်ဆိုတာ စိတ်ကိုတည်တည်ငြိမ်ငြိမ်နဲ့ မောင်းနှင်မှသာ ဘေးအန္တရာယ်ကင်းမှာဖြစ်ပါတယ်။ ဒါကြောင့်ဒေါသထွက်စရာကိစ္စတစ်ခုခုကြုံလာတိုင်း ခဏလောက်ကားရပ်ပြီး စိတ်ကို Relax လုပ်ပေးသင့်ပါတယ်။

(၅) အရက်သောက်ခြင်း

Source : Deputy & Mizell

မူးရင်မမောင်းနဲ့ မောင်းရင်မမူးနဲ့ဆိုတဲ့ ဆိုရိုစကားလည်း ရှိပါတယ်။ ယာဉ်မောင်းတဲ့သူတွေအနေနဲ့ ဘယ်လိုအကြောင်းပြချင်နဲ့မှ အရက်သောက်ပြီး မောင်းနှင်တာမျိုး လုံးဝမပြုလုပ်သင့်ပါဘူး။ အရက်သောက်ပြီး အရှိန်လွန်မောင်းနှင်တာတွေ တခြားသောယာဉ်တွေနဲ့ ပြိုင်ဆိုင်မောင်းနှင်တာတွေဟာ ယာဉ်မောင်းသူတိုင်း လုံးဝရှောင်ကြဉ်ရမယ့်အရာတွေပါ။ မြို့တွင်းမှာရော မြို့ပြင်မှာပါ သတ်မှတ်ထားတဲ့ အရှိန်အတိုင်းမောင်းနှင်မယ်ဆိုရင် ဘေးအန္တရာယ် ကင်းစွာနဲ့လိုရာခရီးကို ရောက်နိုင်မှာပဲဖြစ်ပါတယ်။