ယှဉ်ပြိုင်မှုကို အဓိကထားရတဲ့ ကမ္ဘာကျော်အားကစားသမားတစ်ယောက်ရဲ့ စိတ်ဓါတ်နဲ့ ခံယူချက်ဟာ အနုပညာရှင်တစ်ယောက်ရဲ့ စိတ်ဓါတ်နဲ့ တူချင်မှ တူမှာပါ။ ဒါပေမယ့်လည်း ခရစ္စတီယာနို ရော်နယ်ဒိုလို ကမ္ဘာကျော်ဘောလုံးသမားတစ်ယောက်ရဲ့ ခံယူချက်ဟာ အနုပညာဆန်ပြီး ထူးခြားထက်သန်မှုတွေ ပါဝင်နေပါတယ်။ ရော်နယ်ဒိုလို့ ကမ္ဘာကျော်စေခဲ့တဲ့ သူ့ရဲ့ ခံယူချက်တွေကို ဘဝသင်ခန်းစာများအဖြစ် မျှဝေပေးချင်ပါတယ်။

(၁) ကောင်းတယ်ဆိုရုံနဲ့ မလုံလောက်ဘူး

Cristiano

Photo: eurosport

ရော်နယ်ဒိုလို့ ပြောလိုက်ရင် အရှုံးကို မုန်းပြီး အနိုင်ပဲ လိုချင်တဲ့လူတစ်ယောက်အဖြစ် မြင်ကြမှာပါ။ သူ့ဘဝတစ်လျှောက်လုံး ကွင်းထဲ ပြေးခဲ့တဲ့ ခြေလှမ်းတိုင်းဟာ အောင်မြင်မှုဆီ ဦးတည်နေတဲ့ခြေလှမ်းတွေ ဖြစ်အောင် ရော်နယ်ဒိုဟာ သူ့ကိုယ်သူ စနစ်တကျ ပုံသွင်းခဲ့တာ လူတိုင်းသိကြပါတယ်။ သူ့ရဲ့ ခံယူချက်က ရှင်းပါတယ်။ အကောင်းဆုံးဖြစ်ရမယ်ဆိုတာပါပဲ။

အကောင်းဆုံးဖြစ်တယ်ဆိုတာ ကောင်းပါတယ် ဆိုရုံလောက်နဲ့ တင် ရပ်တန့်မနေတာကို ပြောတာပါ။ ဒါကြောင့် ဘဝမှာ အောင်မြင်ချင်ရင် အကောင်းဆုံးပဲ ဖြစ်အောင် လုပ်ပါ။ ကောင်းရုံနဲ့တင် တော်မပစ်လိုက်ဖို့ ပြောချင်ပါတယ်။

(၂) အနာဂါတ်အတွက် အခုစတေးထားပါ

cristiano-tottenham-manchester-united

Photo: fc barcelona noticias

ဆင်းဆင်းရဲရဲငယ်ဘဝတုန်းက ရော်နယ်ဒိုဆိုတာ အိပ်ခန်းကျဉ်းလေးထဲမှာ မောင်နှမ ၃ ယောက် မျှနေခဲ့ရသူပါ။ အသက် ၁၃ နှစ်လေးနဲ့ အိမ်ကို စွန့်ခွာပြီး လစ္စဘွန်းမြို့က လူငယ်ဘောလုံးသင်တန်းကျောင်းကို သွားခဲ့တဲ့သူလည်း လူသားပီပီ အထီးကျန်မှု ၊ အိမ်လွမ်းနာနဲ့ စိတ်ဒဏ်ရာတွေ ရှိခဲ့မှာပါပဲ။

ဒါပေမယ့် ဒါတွေအကုန်လုံး သူ ရင်စည်းခံ ဖြတ်သန်းပြီး တစ်ကမ္ဘာလုံးက သိရတဲ့လူတစ်ယောက် ဖြစ်လာအောင် ကိုယ့်ကိုယ့်ကိုယ် မွမ်းမံရင်းအကောင်းဆုံးကြိုးစားခဲ့ပါတယ်။ မယုံနိုင်လောက်အောင် ကြိုးစားမှု ၊ စည်းကမ်းရှိမှုနဲ့ ပြင်းပြထက်သန်တဲ့ စိတ်အလိုဆန္ဒတွေကြောင့်သာ ရော်နယ်ဒိုလို့ ဖြစ်လာရတာပါ။ ဒီသင်ခန်းစာကို လူတိုင်း သတိရနေဖို့ လိုပါတယ်။

(၃) ကျန်းမာရေး ဂရုစိုက်ပါ

cristiano ronaldo Diet Plan

Photo: givemesport

ရေရှည် အောင်မြင်ချင်ရင် အသက်ရှည်ကျန်းမာနေဖို့ လိုတယ်လို့ ‌ရော်နယ်ဒိုက လက်ခံထားတာပါ။ သူ့ကို ကြည့်လိုက်ရင် ဒေါ်လာသန်းရာပေါင်းများစွာ ချမ်းသာပေမယ့် အစားအသောက်ကို လက်လွတ်စပယ် မစားဘူး ၊ ကျန်းမာရေးနဲ့ မညီတဲ့ Junk Food တွေ ရှောင်တယ်။ အရက်မသောက်ဘူး။ အရူးတစ်ယောက်လို Workout ကို စွဲစွဲလန်းလန်း လုပ်တယ်။ ကိုယ့်ကျန်းမာရေးကို သိပ်ဂရုစိုက်တယ်။

ဒါကြောင့်ပဲ အသက် ၃၆ နှစ် ရှိတာတောင် တိုက်စစ်မှူးတစ်ယောက်အနေနဲ့ သူဟာ သက်လုံနဲ့ ကြံ့ခိုင်မှု အကောင်းဆုံးပုံစံနဲ့ ကွင်းထဲမှာ ခြေစွမ်းပြနိုင်တာ ဖြစ်ပါတယ်။ သူ့အရွယ်နဲ့ဆိုရင် ပုံမှန်အားဖြင့် အကျဘက်လို့ ပြောနေကြတာတောင် သူ့ဘော်ဒီနဲ့ စွမ်းဆောင်ရည်က အမြင့်ဆုံးအနေအထားမှာ မြင်တွေ့ရတာဟာ ရော်နယ်ဒိုရဲ့ ကျန်းမာရေးလိုက်စားမှု အကျိုးကျေးဇူးဆိုတာ ငြင်းမရပါဘူး။

(၄) စိန်ခေါ်မှုတွေက တကယ့်‌ခေါင်းဆောင်အစစ်အမှန်ကို မွေးဖွားစေတယ်

cristiano-ronaldo-portugal-euro-2016

Photo: Sky Sports

အခက်အခဲအတားအဆီးတွေကို ကြုံရတဲ့အခါ ကြောက်ပြီး နောက်ဆုတ်မသွားဖို့ လိုပါတယ်။ ရော်နယ်ဒိုရဲ့ အမှတ်ရစရာအကောင်းဆုံးနိုင်ငံပွဲတစ်ခုဖြစ်တဲ့ UEFA Euro 2016 ဖိုင်နယ်ပွဲမှာ သူ့ရဲ့ စိတ်ဓါတ်ကို ဘောလုံးပရိသတ်တွေ ပြတ်ပြတ်ထင်ထင် မြင်ခွင့်ရခဲ့ပါတယ်။ ဒီပွဲမှာ ပြင်သစ်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအရရော ၊ ကန်သွင်းချက်နဲ့ ဂိုးပေါက်တည့်မှုအရပါ အသာစီးနဲ့ ဖိအားပေးကစားခဲ့တာပါ။

ရော်နယ်ဒို ဒူးဒဏ်ရာနဲ့ ကွင်းထဲက ထွက်လိုက်ရချိန်မှာ အခြေအနေက ပေါ်တူဂီအသင်းအတွက် အဆိုးဆုံးဘက်ကို ဦးတည်နေပါတယ်။ ဒီအချိန်မှာ ဒဏ်ရာကြောင့် ထွက်လိုက်ရတဲ့ ရော်နယ်ဒိုက အဝတ်လဲခန်းထဲ မသွားဘဲ ကွင်းပြင်ပကနေ အသင်းကို တောက်လျှောက်လှုံ့ဆော်အားပေးမှုတွေ လုပ်ခဲ့တာကြောင့် ၁၀၉ မိနစ်မှာ အီဒါရဲ့ တစ်လုံးတည်းသောဂိုးနဲ့ ဗိုလ်စွဲသွားခဲ့ပါတယ်။ ဒီအချက်က မှန်ကန်တဲ့ ခေါင်းဆောင်(ကပ္ပတိန်) ဆိုတာ ဘယ်လိုမျိုးမှာ သိရသလဲဆိုတာရဲ့ သင်ခန်းစာတစ်ခုဆိုလည်း မမှားပါဘူး။

(၅) မိသားစုက အရေးအကြီးဆုံးပဲ

cristiano ronaldo family

Photo: dailymail

ကြီးမားတဲ့ ဧရာမအောင်မြင်မှုတွေဘယ်လောက်ပဲ ရှိရှိ မိသားစုကို ဘေးဖယ်မပစ်ဖို့ လိုပါတယ်။ ရော်နယ်ဒိုလို ကမ္ဘာ့အထင်ကရ အကျော်ကြားဆုံးအားကစားသမားတစ်ယောက်တောင် မိသားစုအတွက် သီးသန့်အချိန်ပေးဖို့ ဘယ်တော့မှ မမေ့တာကို သတိရလိုက်ပါ။

Featured Photo: therealchamps