ကိုယ်အလုပ်တစ်ခုကို အင်တာဗျူးတွေ အဆင့်ဆင့်ဖြေဆိုပြီး အလုပ်လုပ်ကိုင်နေပြီးမှ အကြောင်းအရာတစ်ခုခုကြောင့် အဆင်မပြေတော့တာပဲဖြစ်ဖြစ်၊ ပိုပြီးကောင်းတဲ့နေရာတွေတွေ့လာတာပဲဖြစ်ဖြစ် လက်ရှိအလုပ်ခွင်ကနေ စွန့်ခွာဖို့ ကိစ္စတွေရှိလာတတ်ပါတယ်။ ပိုပြီးကောင်းတဲ့နေရာကို ပြောင်းတာဆိုရင်တောင်မှ ကိုယ်စွန့်ခွာမယ့် လက်ရှိအလုပ်မှာ အကောင်းဆုံးနှုတ်ဆက်ဖို့ လိုအပ်ပါသေးတယ်။ အခုပြောပြသွားမယ့် အချက် ၁၀ ချက်တွေကို အလုပ်ခွင်ရဲ့ နောက်ဆုံးနေ့မှာ ဆောင်ရွက်ဖြစ်တယ်ဆိုရင် ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အလုပ်ထွက်ပါစေ နောက်ပိုင်းမှာ သင့်ကို ဝန်ထမ်းကောင်းတစ်ယောက်လို့ လူတိုင်းသတ်မှတ်လာကြမှာသေချာပါတယ်။

(၁) အကောင်းမြင်ပြီး ချီးကျူးတဲ့ စာတစ်ခုကို မျှဝေခဲ့ပါ

အလုပ်တစ်ခုက ထွက်မယ်ဆိုရင် အစက ဒီအလုပ်ကို ဝင်ဖို့ ကိုယ့် CV ၊ Resume တွေ အသည်းအသန်ပြင်ဆင်ပြီး First Impression ရဖို့ ကြိုးစားခဲ့တာကို သတိရပါ။ အလုပ်ခွင်ရဲ့ နောက်ဆုံးနေ့မှာလည်း Last Impression ကို ရယူဖို့ကြိုးစားသင့်ပါသေးတယ်။ ဒီအတွက် အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ ကိုယ်နဲ့ တွဲဖက်လုပ်ကိုင်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ အထက်လူကြီးတွေကို Mention လုပ်ပေးပြီး သူတို့ဆီက ရရှိခဲ့တဲ့ ကူညီဖေးမမှုတွေကို ချီးကျူးပြီး ပိုပြီးကောင်းတဲ့ အနာဂတ်အတွက်ပါ ဆုတောင်းပေးလိုက်ပါ။

(၂) ကိုယ်နဲ့ ဆက်ဆံနေရတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို တစ်ယောက်ချင်း နှုတ်ဆက်ပါ

Source: Shutterstock

အလုပ်ခွင်တစ်ခုမှာ လပိုင်းပဲ လုပ်ခဲ့တယ်ဆိုရင်တောင်မှ အချိန်တိုအတွင်းမှာ ကိုယ်နဲ့ အဆင်ပြေပြီး စကားပြောလို့ကောင်းတဲ့ အဖွဲ့ဝင်လုပ်ဖော်ကိုင်ဖက်တွေကတော့ ကျန်ခဲ့မှာပါ။ အလုပ်ခွင်မှာ အဆင်မပြေရင်တောင်မှ အားလပ်ချိန်တစ်ခုမှာတော့ ပုံမှန်နှုတ်ဆက်တာထက်ပိုတဲ့ ရင်းနှီးတဲ့နှုတ်ဆက်မှုတွေ ဖြစ်နိုင်ရင် ပွေ့ဖက်တာ၊ လက်ဆွဲနှုတ်ဆက်တာတွေကို ကိုယ်နဲ့ ဆက်ဆံနေရတဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ချင်းစီကို နှုတ်ဆက်လိုက်ပါ။

(၃) ကိုယ့်သူဌေးနဲ့ တစ်ဦးချင်းတွေ့ပြီး ကျေးဇူးတင်ကြောင်းပြောပါ

ဒီအချိန်က ကိုယ်က နောက်အလုပ်တစ်ခုကို ပြောင်းတော့မယ်ဆိုရင် မဖြစ်မနေလုပ်သင့်တဲ့အချက်တစ်ခုဖြစ်ပါတယ်။ များသောအားဖြင့် အလုပ်က အဆင်မပြေလို့ ထွက်ရတယ်ဆိုရင် အပြစ်ကို သူဌေးကိုပဲ မြင်ကြတာများပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ နောက်ဆုံးနေ့မှာတော့ ကိုယ့်သူဌေးကို ဖြစ်နိုင်ရင် တစ်ဦးချင်းတွေ့နိုင်အောင် ကြိုးစားပြီး အလုပ်လုပ်ကိုင်ခဲ့တဲ့တလျှောက်မှာ ကိုယ့်အပေါ် ယုံကြည်ပေးခဲ့တာ၊ တာဝန်ပေးခဲ့တာတွေကို ကျေးဇူးတင်ကြောင်း ဆက်ဆက်ပြောပါ။

(၄) ဘယ်အရာမှ မကျန်ခဲ့စေပါစေနဲ့

အလုပ်နောက်ဆုံးနေ့ဆိုတာ များသောအားဖြင့် အဆိုပါနေ့မတိုင်ခင်ထဲက ကိုယ့်အလုပ်တွေအကုန်လုံးကို အပြီးသတ်ပြီးဖြစ်နေရမှာပါ။ တကယ်လို့ နေ့စဉ်အလုပ်လုပ်ကိုင်နေရတာမျိုး ရှိတယ်ဆိုရင်တောင်မှ အဆိုပါ အလုပ်တွေကို ကြိုလုပ်ထားတာ ဒါမှမဟုတ် ပုံမှန်ထက်လျော့ချထားသင့်ပါတယ်။ အလုပ်ခွင်ရဲ့ နောက်ဆုံးနေ့ကိုလည်း သာမန်ရုံးတက်ရက်ပုံစံမျိုး အလုပ်လုပ်မယ်ဆိုရင် နှုတ်ဆက်ဖို့ အချိန်ရှိမှာမဟုတ်သလို အလုပ်ချိန်ပြီးတဲ့အထိ အလုပ်တွေပုံနေဦးမှာပါ။

Source: thebalance.com

(၅) အဆက်အသွယ်တွေ ရနိုင်သလောက်ယူထားပါ

ကိုယ်အလုပ်တစ်ခုက ထွက်သွားတယ်ဆိုတာ ပတ်ဝန်းကျင်တစ်ခု၊ အလုပ်ခွင်အသစ်တစ်ခုကို ချက်ချင်းရောက်ရှိသွားတာမဟုတ်ပါဘူး။ အခုအလုပ်ဟောင်းဖြစ်တော့မယ့် အလုပ်ခွင်မှာရှိတဲ့ သူဌေး၊ မန်နေဂျာ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အခြား ကိုယ်နောက်ပိုင်းမှာ အကူအညီလိုလာနိုင်တဲ့သူတွေအကုန်လုံးကို ဖုန်းနံပါတ်၊ Email စတဲ့ ဆက်သွယ်လို့ရဲ့ Contact တွေကို ယူထားပါ။ ဒါမှလည်း ကိုယ့်နောက်အလုပ်ခွင်မှာ အကူအညီလိုအပ်ခဲ့ရင် ဆက်သွယ်စရာလိုအပ်လာခဲ့ရင် အဆင်သင့်ဖြစ်နေမှာပါ။

(၆) ကိုယ့်စားပွဲနေရာကို စစခြင်းဝင်တုန်းကထက် သန့်နေအောင် ရှင်းခဲ့ပါ

အလုပ်ခွင်တစ်ခုကို စစခြင်းဝင်ရောက်တဲ့အချိန်မှာ HR က စီစဉ်ပေးတဲ့နေရာက ကောင်းချင်မှ ကောင်းပါလိမ့်မယ်။ ဒါပေမယ့် အချိန်တစ်ခုကြာပြီးတဲ့အချိန်မှာ ကိုယ့်နေရာ၊ ကိုယ့်စားပွဲဆိုပြီး ဖြစ်လာကြပါတယ်။ အဲ့ဒီအတွက် နောက်လူက ကိုယ့်နေရာ ဝင်ဖို့ရှိတာပဲဖြစ်ဖြစ်၊ ကိုယ်ထွက်သွားပြီးရင် အချိန်တစ်ခုလောက် လွတ်နေမှာပဲဖြစ်ဖြစ် ကိုယ့်အတွက်ရရှိထားခဲ့တဲ့ စားပွဲကို အပြစ်ပြောစရာမရှိအောင် သန့်ရှင်းထားခဲ့တာက ကိုယ့်အဆင့်အတန်းကို နောက်ဆုံးအကြိမ် မြှင့်တင်ခဲ့တာပါ။

 

 

(၇) ကိုယ် အသုံးပြုခဲ့တဲ့ ကွန်ပျူတာကို Reset ချခဲ့ပါ

ပုံမှန်အားဖြင့် အလုပ်ခွင်က ကွန်ပျူတာတွေကို အသုံးပြုရတယ်ဆိုရင် အဆိုပါ ကွန်ပျူတာကို ကိုယ့် Personal ကွန်ပျူတာတစ်ခုလို အသုံးပြုကြတာရှားပါတယ်။ ဒါပေမယ့် ကိုယ်ထားခဲ့တဲ့ Wallpaper တွေ၊ Browser History တွေနဲ့ အချို့ Download ပြုလုပ်ထားတဲ့ File တွေကတော့ ကျိန်းသေကျန်နေမှာပါ။ အဲ့ဒီအတွက် တကယ်လို့ ကွန်ပျူတာကို Reset ချလို့ အဆင်ပြေတယ်ဆိုရင် Reset ချခဲ့ပြီး အလုပ်နဲ့ပတ်သတ်တဲ့ Data တွေရှိလို့ Reset လုပ်လို့ အဆင်မပြေဘူးဆိုရင်လည်း Personal Data တွေ အကုန်ဖျက်ပစ်ခဲ့ပါ။

(၈) ကိုယ့်အရင်းနှီးဆုံး လုပ်ဖော်ကိုင်ဖက်တွေနဲ့ နောက်ဆုံးနေ့လည်စာစားပါ

ဒီအချက်ကလည်း ကိုယ့်အတွက် အရေးကြီးတဲ့အချက်တစ်ခုပါ။ ကျိန်းသေပေါက် ကိုယ်ကပဲ ပိုက်ဆံထုတ်ရှင်းရမယ်လို့ ဆိုလိုတာမဟုတ်ပေမယ့် နောက်ဆုံးနေ့ရဲ့ နေ့လည်စာကိုတော့ အရင်းနှီးဆုံးသူတွေနဲ့ပဲ အလုပ်အကြောင်းမဟုတ်တဲ့ ဘဝအကြောင်းတွေ၊ အမှတ်တရတွေပြောရင်းနဲ့ ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးလိုက်ပါ။

say goodbye to all

Source: thebalance.com

(၉) အလုပ်လွှဲစရာ ကိစ္စတွေကို စာနဲ့ သေချာရေးခဲ့ပါ

များသောအားဖြင့် ကိုယ်အလုပ်ထွက်တော့မယ်ဆိုရင် ကိုယ့်နေရာကို ဝင်ရောက်လာမယ့်သူတစ်ယောက်ရှိနေဖို့ များပါတယ်။ ဒါပေမယ့် လက်လွှဲယူမယ့်သူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လက်ရှိ ကိုယ်ဆောင်ရွက်နေတဲ့ ကိစ္စအသေးစိတ်တစ်ခုချင်းစီကို ကိုယ့်စားပွဲမှာ ကိစ္စတစ်ခုချင်းစီ မတူညီတဲ့ စာရွက်အရောင် (ဒါမှမဟုတ်) မင်အရောင် တစ်ခုစီနဲ့ သေချာရှင်းပြထားခဲ့ပါ။ ကိုယ်ဘာလုပ်သွားမှန်းမသိလို့ အလုပ်ထွက်ပြီးမှ ဖုန်းဆက်လှမ်းမေးခံရတယ်ဆိုတာက Professional မဆန်တဲ့အချက်ဆိုတာက သတိထားပါ။

(၁၀) အလုပ်ခွင်က လူအားလုံးကို Email နဲ့ နှုတ်ဆက်စာ ပို့ပါ

ဒါက သင့်ကို အလုပ်ခွင်က လူတိုင်းက ဘယ်လိုအမှတ်ရနေမလဲဆိုတာအတွက် အရေးကြီးဆုံးအချက်တစ်ခုပါ။ ပေးပို့မယ့် Email က Formal ဖြစ်နေဖို့ထက် ကိုယ့်ရဲ့ စိတ်ခံစားမှု Emotion တွေကို ဖတ်လိုက်တာနဲ့ သိနိုင်အောင်၊ ကိုယ်ဒီအလုပ်ခွင်မှာ ဘယ်လောက်ထိ ပျော်ရွှင်ခဲ့ပြီး အတွေ့အကြုံတွေရရှိခဲ့တယ်ဆိုတာကို အကောင်းဆုံးရေးပါ။ နောက်ဆုံးမှာတော့ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကိုယ့်ကို အကူအညီလိုအပ်လာရင် အချိန်မရွေးဆက်သွယ်နိုင်တယ်ဆိုတာကို ထည့်ရေးခဲ့ပါ။

ဒီအချက်လေးတွေကတော့ အလုပ်ခွင်ရဲ့ နောက်ဆုံးနေ့မှာ မဖြစ်မနေကို ပြုလုပ်သင့်တဲ့အချက်လေးတွေပဲဖြစ်ပါတယ်။ ကျိန်းသေပေါက်လုပ်ရမယ်လို့ ပြောတာမဟုတ်ပေမယ့်လည်း ကိုယ်ကသာ တကယ်ကို Professional တစ်ယောက်ဖြစ်လာဖို့ ရည်ရွယ်တယ်ဆိုရင် အလုပ်ခွင်ရဲ့ နောက်ဆုံးနေ့မှာ ကိုယ်ပြုလုပ်သွားတဲ့အရာတွေက အများကြီးအထောက်အကူပြုလာမယ်ဆိုတာကတော့ သေချာပါတယ်။