(၁၉၉၈-၁၉၉၉) ဘောလုံးရာသီဆိုတာ မန်ယူအသင်းသားတွေနဲ့ သရဲနီပရိသတ်တွေအတွက် အပျော်ရွင်ဆုံး နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ ထိုရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ အင်္ဂလန်ပရီးမီးယားလိဂ်၊ အက်ဖ်အေ ဖလား၊ ချန်ပီယံလိဂ် ဖလားအစရှိတဲ့ ဆုဖလား (၃) ခုလုံးကို ရာသီအကုန်မှာ ရရှိခဲ့ပါတယ်။ မန်ယူအသင်းရဲ့ရွေရောင်မျိုးဆက်နဲ့ နည်းပြဖာဂူဆန်ကိုလည်း ကမ္ဘာသတင်းစာမျက်နှာတွေပေါ်မှာ ထင်ပေါ်စေခဲ့ပါတယ်။ ထိုရာသီတစ်လျှောက်လုံးမှာ မန်ယူအသင်းအနေနဲ့ ရှုံးပွဲငါးပွဲသာ ကြုံတွေ့ခဲ့ပါတယ်။

Source: www.wikiwand.com

ရာသီမစခင်မှာ အသင်းရဲ့ဝါရင့်ကစားသမားတွေဖြစ်ကြတဲ့ Brian McClair နဲ့ Gary Pallister တို့ဟာ ယူနိုက်တက်မှ ထွက်ခွာသွားခဲ့ကြပါတယ်။ ထို့အတူ ငယ်ရွယ်ပြီး အလားအလာရှိတဲ့ ဂိုးသမား Kevin Pilkingn နဲ့ တိုက်စစ်မှူး Tomlinson တို့နှစ်ယောက်ဟာလည်း ရာသီမစခင်ထဲက ယူနိုက်တက်ကို စွန့်ခွာသွားခဲ့ကြပါတယ်။ ထို့ကြောင့် မန်ယူအသင်းရဲ့ အခြေအနေက လျော့နည်းနေပြီး တောင့်တင်းမှုမရှိတော့ဘူးလို့ အားလုံးကထင်မှတ်ခဲ့ကြပါတယ်။

Source: www.football.com.uk

ထိုကြောင့် နည်းပြဖာဂူဆန်အနေနဲ့ အသင်းကို ပြောင်းလဲမှုအချို့လုပ်ခဲ့ပါတယ်။ ဒက်ခ်ျ့လူမျိုးနောက်တန်းကစားသမား Jaap Stam ကို ကလပ်စံချိန်တင်ပြောင်းရွေ့ကြေး ပေါင် (၁၀) သန်းကျော် (၁၁) သန်းနီးပါးနဲ့ခေါ်ယူခဲ့ပါတယ်။ ထို့နောက် တိုက်စစ်မှူး Dwight Yorke နဲ့ ဆွီဒင်တောင်ပံကစားသမား Esper Blomqvist ကို အိုးထရဒ်ဖို့သို့ အရောက်ခေါ်ယူခဲ့ပါတယ်။ Dwight Yorke ကို မန်ချက်စတာမြေကို ခေါ်ယူခဲ့ခြင်းဟာ မှန်ကန်တဲ့အပြောင်းအရွေ့ဖြစ်ခဲ့ပြီး သူဟာ ယူနိုက်တက်ရဲ့ ဂိုးသွင်းစက်ဖြစ်ခဲ့ပါတယ်။ ဂိုးသမားဖြစ်သူ ပီတာရှမိုက်ကယ်ကိုလည်း အသင်းမှာ ဆက်လက်ထိန်းထားနိုင်ခဲ့ပါတယ်။

Source: egrafis.com

ယူနိုက်တက်ရဲ့ ထိုရာသီကစားပုံက အားရကျေနပ်မှုအပြည့်ရှိခဲ့ပြီး မန်ယူပရိသတ်များနဲ့ ဘောလုံးချစ်သူများကို စွဲမက်ဖွယ်ကောင်းတဲ့ ကစားပုံတွေနဲ့ ဖျော်ဖြေခဲ့ပါတယ်။ မန်ယူကစားသမား အားလုံးဟာလည်း တိုက်ပွဲဝင်လိုစိတ်အပြည့်ဖြင့် ပွဲစဉ်တိုင်းကို ယှဉ်ပြိုင်ခဲ့ပါတယ်။ အရှုံးမှသည် အနိုင်ပြန်ကစားတဲ့ Comeback ပွဲစဉ်အမြောက်အများလည်း ပါဝင်ခဲ့ပါတယ်။ အမှတ်ရဆုံးနဲ့ မမေ့နိုင်တဲ့ ပွဲစဉ်ကတော့ ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ တွေ့ဆုံတဲ့ပွဲစဉ် ဖြစ်ပါတယ်။ ပွဲချိန်ပြည့်အထိ ဘိုင်ယန်မြူးနစ်အသင်းကို ရှုံးနိမ့်နေရာမှ Teddy Sheringham နဲ့ Ole Gunnar Solskjaer တို့ရဲ့နာကျင်အချိန်ပိုသွင်းဂိုးတွေနဲ့ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

Source: www.origin.expressandstar.mna.arcpublishing.com

ထိုနှစ်က ဖာဂူဆန်အနေနဲ့ ဘောလုံးသမားတစ်ယောက်ကို မြေတောင်မြှောက်ပေါင်းတင်ပေးခဲ့ပါတယ်။ သူကတော့ ဒေးဗစ်ဘက်ခမ်းပါ။ ထိုရာသီ မန်ယူဖလားများရယူရာမှာ အကောင်းဆုံးပါဝင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ရာသီအကုန်မှာတော့ ဥရောပအကောင်းဆုံးကစားသမားနဲ့ ဖီဖာအကောင်းဆုံးကစားသမားဆိုတဲ့ဆုတွေ ရရှိခဲ့ပါတယ်။

ဘောလုံးပွဲဝေဖန်သူတွေနဲ့ စာရေးသူတွေဟာ ဖာဂူဆန်ကို အမျိုးမျိုးချီးကျုးခဲ့ကြပါတယ်။ ဖာဂူဆန်ဦးဆောင်တဲ့ မန်ယူအသင်းရဲ့ ကစားပုံနဲ့ နောက်ကျချေပဂိုးတွေကို ကင်ပွန်းတပ် ဂုဏ်ပြုခဲ့ကြပါတယ်။ ရာသီအကုန် ဖလားသုံးလုံးရပြီးချိန်မှာတော့ ထောင်ပေါင်းများစွာသော မန်ယူပရိသတ်တွေဟာ မန်ချက်စတာမြို့လမ်းတွေပေါ်မှာ အလွန်အကျူးအောင်ပွဲခံခဲ့ကြပါတယ်။ ထိုနှစ်တွင် ဖာဂူဆန်ကို အင်္ဂလန်တော်ဝင်မိသားစုမှ Knight ဘွဲ့ချီးမြင့်ခဲ့ပါတယ်။

Source: www.enriqueiglesias.com

ရာသီအကုန်မှာ မန်ယူအသင်းဟာ ကမ္ဘာ့အချမ်းသာဆုံးနဲ့ တန်ကြေးအမြင့်ဆုံး ဘောလုံးအသင်းဖြစ်လာခဲ့ပါတယ်။ ထို (၁၉၉၈-၁၉၉၉) ရာသီကတော့ ယူနိုက်တက်ပရိသတ်တွေရဲ့ ထာဝရမမေ့နိုင်တဲ့ ရာသီဖြစ်ခဲ့ပါတယ်။