နေ့တစ်နေ့မှာ အစပျိုးတဲ့ မနက်ခင်းအစကို အဓိပ္ပါယ်ရှိစွာ စတင်ဖို့လိုအပ်ပါတယ်။ လူတစ်ယောက်အတွက် မနက်ခင်းအိပ်ယာထတဲ့အချိန်ဟာ ဘာမှမထူးခြားဘူးလို့ ထင်ရပေမယ့် မနက်ခင်းမှာပြဿနာတွေ စိတ်ညစ်စရာတွေနဲ့ စတင်ရပြီဆိုရင် အဲ့ဒီနေ့တစ်နေ့လုံးဟာ လုံးဝအဆင်ပြေပြေဖြတ်သန်းနိုင်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် စိတ်ကြည်လင်လန်းဆန်းစွာနဲ့ နိုးထနိုင်ဖို့က အရမ်းကိုအရေးကြီးပါတယ်။ ဒီနေ့မှာတော့ အောင်မြင်ကျော်ကြားတဲ့ သူတွေရဲ့ အိပ်ယာနိုးနိုးချင်းလုပ်လေ့ရှိတဲ့ အလေ့အထကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) စောစောအိပ်ယာထခြင်း

Source : The Paleo Mom

ဘဝမှာ အောင်မြင်နေတဲ့သူတော်တော်များများ နေမြင့်တဲ့အချိန်အထိ အိပ်စက်လေ့မရှိဘဲ မနက်ခင်း စောစောအိပ်ယာထတဲ့အလေ့အကျင့်ကို နှစ်သက်ကြပါတယ်။ လူတစ်ယောက်အတွက် မနက်အိပ်ယာထချိန်ဟာ စိတ်အကြည်လင်ဆုံးနဲ့ အားအင်ပြည့်ဝမှုအရှိဆုံးဖြစ်တာကြောင့် အချိန်အရေးကြီးလုပ်ငန်းဆောင်တာတွေကို မနက်စောစောမှာပြုလုပ်လေ့ရှိပါတယ်။ ဒါအပြင် အကြံဉာဏ်ကောင်းတွေ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုလည်း ချမှတ်နိုင်တာကြောင့် မနက်ခင်းစောစောထဖို့ တက်ကြွကြပါတယ်။

(၂) အီးမေးလ်စစ်ဆေးခြင်း

Source : stuff.co.nz

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အများစုဟာ မနက်ခင်းအီးမေးလ်စစ်တဲ့အလေ့အထကို ကျင့်သုံးကြပါတယ်။ အရေးကြီးတဲ့သတင်း အချက်အလက်တွေ လုပ်ငန်းတာဝန်တွေအတွက် မဖြစ်မနေ အီးမေးလ်စစ်တာတွေ အီးမေးလ်ပို့တာတွေကိုပြုလုပ်တတ်ကြပါတယ်။ မနက်ခင်းဟာ အာရုံစူးစိုက်မှုအကောင်းဆုံးအချိန်တစ်ခုဖြစ်တာကြောင့် ကိုယ်လုပ်ကိုင်တဲ့အလုပ်တစ်ခုအပေါ် အမှားနည်းပြီး ပိုမိုတိကျမှန်ကန်မှုရှိစေမှာဖြစ်ပါတယ်။

(၃) စာဖတ်ခြင်း

Source : CNBC.com

လူတစ်ယောက်အတွက် ဗဟုသုတနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ရာ စာဖတ်နာဖို့လိုပါတယ်။ အောင်မြင်သူတိုင်းဟာ စာဖတ်ရတာ အလွန်အမင်းဝါသနာပါသူတွေလို့ဆိုရင် မမှားနိုင်ပါဘူး။ သူတို့အတွက် စာဖတ်စရာနေရာကောင်းကောင်းတစ်ခုကို ဖန်တီးထားတတ်ကြပြီး မနက်ခင်းကို ဗဟုသုတဖြည့်တင်းတဲ့ စာဖတ်ခြင်းအလုပ်နဲ့ စတင်ကြပါတယ်။

(၄) မိသားစုနဲ့မနက်စာစားခြင်း

Source : Freepik

အောင်မြင်တဲ့ပုဂ္ဂိုလ်တွေဟာ ဘယ်လောက်ပဲ အလုပ်များနေပါစေ မိသာစုနဲ့ အတူတူမနက်စာစားတဲ့ အကျင့်ကိုပြုလုပ်လေ့ရှိပါတယ်။ မြန်မာနိုင်ငံသူတွေတော်တော်များများကတော့ မနက်ကိုဖြစ်သလိုပဲ လမ်းမှာဖြစ်စေ ရုံးမှာဖြစ်စေ စားတတ်ကြတာဖြစ်ပါတယ်။ လူတစ်ယောက်အတွက် အရေးကြီးဆုံးအရာတွေထဲမှာ အဟာပြည့်ဝတဲ့ မနက်စာတစ်ခုကလည်း မဖြစ်မနေပါဝင်နေသလို မိသားစုနဲ့ အတူ မနက်စာစားခြင်းအားဖြင့် ပိုမိုနွေးထွေးတဲ့ မိသားစုကမ္ဘာလေးတစ်ခုကို ရရှိမှာဖြစ်ပါတယ်။

(၅) လေ့ကျင့်ခန်းပြုလုပ်ခြင်း

Source : Archway Health Hub

မနက်ခင်းမှာ လေ့ကျင့်ခန်းတစ်ခုခုပြုလုပ်တာဟာ တစ်နေ့ကုန် တက်ကြွလန်းဆန်းစေပြီး ကျန်းမာကြံ့ခိုင်တဲ့ ဘဝတစ်ခုပိုင်ဆိုင်စေမှာဖြစ်ပါတယ်။ ငွေချမ်းသာပေမယ့် လူမကျန်းမာရင်လည်း ပြီးပြည့်စုံတဲ့ဘဝတစ်ခု ဖြစ်မလာနိုင်ပါဘူး။ ဒါကြောင့် အောင်မြင်ကျော်ကြားသူတိုင်းရဲ့ မနက်ခင်းပြုလုပ်တဲ့ ကဏ္ဍတွေထဲမှာ အားကစားပြုလုပ်ခြင်းဟာလည်း မဖြစ်မနေပါဝင်နေတာဖြစ်ပါတယ်။