ကိုယ်ပိုင်လုပ်ငန်းလေး ဘာလေးလုပ်မယ်ဆိုရင် လက်ထဲ ပိုက်ဆံရှိရုံနဲ့ မရပါဘူး။ ခေါင်းထဲမှာ အိုင်ဒီယာနဲ့ အစီအစဉ်တွေလည်း လိုပါတယ်။ စီးပွားရေးတစ်ခု လုပ်မယ်ဆိုရင် အရင်ဆုံး စတင်ရမှာက အိုင်ဒီယာပါ။ လုပ်ငန်းအိုင်ဒီယာကောင်းတစ်ခုဟာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်အဖြစ်ကို ရောက်အောင် တွန်းပို့ပေးနိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းအိုင်ဒီယာတစ်ခု ထွက်လာဖို့အတွက် အရေးကြီးတဲ့ လုပ်စရာလေးတွေအကြောင်း မျှဝေပေးလိုက်ရပါတယ်။

(၁) သုတေသနလုပ်ပါ

Work With Computer

Photo: Unsplash

စီးပွားရေးလုပ်ချင်တယ် ဆိုရုံနဲ့ မဖြစ်ပါဘူး။ ကိုယ်စိတ်ဝင်စားတဲ့ လုပ်ငန်းလုပ်ဖို့အတွက် အရင်ဆုံး နယ်ပယ်တူလုပ်ငန်းတွေအကြောင်း ၊ ဈေးကွက်လိုအပ်ချက် ၊ ကိုယ်ရောင်းမယ့် ကုန်ပစ္စည်းနဲ့ လုပ်ငန်းအကွက်အကွင်းတည်နေရာတွေပါ လေ့လာရေးဆင်းရတော့မှာပါ။ ဈေးကွက်သုတေသနပိုင်းမှာ စေ့စေ့စပ်စပ်နဲ့ သေချာလုပ်ဆောင်ပြီး အားသာချက်/အားနည်းချက် ၊ အခွင့်အလမ်းနဲ့အခက်အခဲတွေကို နိုင်နိုင်နင်းနင်း လေ့လာသုံးသပ်ထားတာက အောင်မြင်တဲ့လုပ်ငန်းတစ်ခု ဖြစ်လာဖို့ အရေးကြီးဆုံးအဆင့်ပါပဲ။

(၂) အိုင်ဒီယာဟောင်းတွေကို ပြန်မွမ်းမံပါ

Ideas

Photo: Unsplash

ခေါင်းထဲမှာ အိုင်ဒီယာကောင်းတစ်ခု ပေါ်လာပြီး လက်တွေ့လုပ်ဖို့ မဖြစ်နိုင်ဘူးလို့ ထင်နေရင် လက်တွေ့ဘဝနဲ့ ချိတ်ဆက်နိုင်အောင် ပြန်ညှိယူပါ။ အိုင်ဒီယာတွေဟာ အကြမ်းထည်ကနေ လိုဖြည့် ပိုဖျက် အသစ်စွက်ပြီးရင်းနဲ့ပဲ ပိုပြီးကောင်းမွန်ဆန်းသစ်တဲ့ အကောင်းစားစိတ်ကူးတွေ ထွက်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် အိုင်ဒီယာတွေကို လွှတ်မချလိုက်ပါနဲ့။ ပိုကောင်းအောင် ပြင်ဆင်ပါ။ ပြင်ဆင်ရင်းနဲ့လည်း အချိန်မကုန်ပါစေနဲ့။

(၃) အမှားတွေကနေ သင်ယူပါ

Plan

Photo: Unsplash

စီးပွားရေးလုပ်တယ်ဆိုတာ အရင်းအနှီးကြီးတဲ့ကျောင်းတက်နေရတာပါပဲ။ အမှားတွေ ကြုံလာနိုင်သလို ဆုံးရှုံးလက်လွတ်ရတာတွေလည်း တွေ့လာနိုင်တာပါပဲ။ အရေးကြီးတာက နောင်တတွေ အမှားတွေနဲ့ လှောင်ပိတ်မနေဖို့ ဖြစ်ပါတယ်။ အောင်မြင်တဲ့လုပ်ငန်းရှင်တိုင်းမှာ ပြောစရာ အရှုံးပေါ်မှုတွေ အများကြီး ကြုံခဲ့ဖူးပါတယ်။ အရေးကြီးတာက အမြဲတမ်း သင်ယူပြီး တိုးတက်အောင် လုပ်နေဖို့ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ စီးပွားရေးလောကမှာ ဖန်တီးမှု + စွန့်စားခြင်း + အမှား= ပိုကောင်းတဲ့ အိုင်ဒီယာလို့ ခေါ်ကြတာပါ။

(၄) တခြားသူတွေဆီမှာလည်း အကြံရှိတာ နားလည်ပါ

Discussion

Photo: Unsplash

ကိုယ့်အိုင်ဒီယာပဲ အကောင်းဆုံးလို့ မမှတ်လိုက်ပါနဲ့။ တခြားသူတွေဆီမှာလည်း မထင်ထားတဲ့ အကြံကောင်း ဉာဏ်ကောင်းတွေ ရှိတတ်ပါတယ်။ တခါတလေ သင်ဟာ ဒီလို အဖိုးတန်တဲ့ အိုင်ဒီယာတွေကို မထင်မှတ်ဘဲ အလကားရသွားတတ်ပါတယ်။ ဒါကြောင့် တခြားသူတွေအမြင်ကိုလည်း နားထောင်တတ်ဖို့ လိုပါတယ်။ တခြားသူတွေ ပြောစကားမှာပဲ အချိန်ကုန်မနေဖို့တော့ လိုပါတယ်။

(၅) ကိုယ့်ဖောက်သည်ကို သိပါ

Customers

Photo: Unsplash

ကိုယ်က ဘယ်လိုလူတွေနဲ့ စီးပွားရေးလုပ်ရမလဲ ဆိုတာ သေချာသိရမှာပါ။ ကိုယ့်ရဲ့ ဖောက်သည်အကြောင်းနဲ့ သူ့အကြိုက်ကို သိတာက အောင်မြင်တဲ့လုပ်ငန်းတွေရဲ့ လျှို့ဝှက်ချက်ဖြစ်ပါတယ်။ ဒီလို သိဖို့အတွက်ပဲ ကုမ္ပဏီကြီးတွေဟာ ဒေါ်လာသန်းချီသုံးပြီး သူတို့ဖောက်သည်တွေရဲ့ သဘောသဘာဝနဲ့ လိုအင်ကို လေ့လာသုတေသနပြုနေကြတာ ဖြစ်ပါတယ်။

Featured Photo: Unsplash