တက်တူးထိုးတယ်ဆိုတာ ကြုံရာကျပန်း တွေ့ကရာပုံ ထိုးလိုက်လို့ အဆင်ပြေတာ မဟုတ်ပါဘူး။ ကိုယ်ထိုးမယ့် တက်တူးပုံဒီဇိုင်းကို သေချာအချိန်ယူပြီး စဉ်းစားသင့်တာ ဖြစ်ပါတယ်။ ဒီနေ့ ခေတ်နည်းပညာများအရ တက်တူးတစ်ခုကို ပြန်ဖျက်ဖို့ လွယ်ကူလာပေမယ့် အချိန်ကုန် အသားနာခံပြီး ထိုးလိုက်ဖျက်လိုက် လုပ်နေလို့တော့ အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ တက်တူးထိုးချင်ပေမယ့် ဘယ်လိုတက်တူးဒီဇိုင်းမျိုး ထိုးရမလဲ အိုင်ဒီယာမရတဲ့ သူတွေအတွက် မှီငြမ်းလို့ရမယ့် တက်တူးဒီဇိုင်းတချို့ကို မျှဝေပေးလိုက်ပါတယ်။

(၁) Black Ink တက်တူးဒီဇိုင်း

Black Ink
Photo : Trending Tattoo

Black Ink တက်တူးဒီဇိုင်းတွေကတော့ လူကြိုက်များပြီး ဘယ်တော့မှ ရိုးမသွားတဲ့ တက်တူးဒီဇိုင်းတစ်ခုလို့ ဆိုရမှာပါ။ စာတန်းလေးတစ်ကြောင်းကနေ လက်တစ်ချောင်းလုံးအပြည့် တက်တူးဒီဇိုင်းတွေထိ ဆွဲဆောင်မှုရှိရှိနဲ့ အထာကျစေမယ့် တက်တူးဒီဇိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ ကာလာတက်တူးတွေထက် အရောင်ကျတာနှေးပြီး အရောင်ပြန်တင်ရတာလည်းလွယ်ကူတဲ့အတွက် အခုမှစပြီး တက်တူးထိုးမယ့်သူတွေအတွက် အသင့်တော်ဆုံး တက်တူးဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။

(၂) Code ပုံတက်တူးဒီဇိုင်းများ

Morse Code tattoo
Photo : Evening Standard

ပဟေဌိဆန်ဆန် လျှို့ဝှက်ဆန်းကြယ်တဲ့ တက်တူးဒီဇိုင်းများ ကြိုက်နှစ်သက်သူတွေအတွက် တော့ Code ပုံတက်တူးဒီဇိုင်းတွေက အသင့်တော်ဆုံးပါပဲ။ Code ပုံတက်တူးဒီဇိုင်းတွေဟာ လူငယ်ဆန်ပြီး အထာကျတဲ့အပြင် ကိုယ်ရည်ညွှန်းချင်တဲ့ တစ်စုံတစ်ခုရဲ့ အဓိပ္ပါယ်ကို အနုပညာနဲ့ ပေါင်းစပ်ပြီး ပဟေဌိဆန်ဆန် မြုပ်နှံရေးထိုး ရတာဖြစ်ပါတယ်။ သင်ဟာ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ခုံမင်သူတစ်ယောက်ဆိုရင်တော့ Code ပုံတက်တူးဒီဇိုင်းတွေသာ ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။

(၃) ကာတွန်းဇာတ်ကောင်တက်တူးများ

naruto tattoo
Photo : Web Manga Plus

ကျွန်တော်တို့ ကလေးဘဝက ရူးရူးမူးမူးကြိုက်နှစ်သက်ခဲ့ရတဲ့ ကာတွန်းဇာတ်ကောင်တွေ ၊ ဂိမ်းဇာတ်ကောင်တွေ ရှိကြတယ်မဟုတ်လား။ ဒီလို ကိုယ်ရူးသွပ်ခဲ့ရတဲ့ ဂိမ်း/ကာတွန်းဇာတ်ကောင်တွေကိုလည်း တက်တူးအဖြစ် အရေပြားပေါ်မှာ အမှတ်တရ ရေးထိုးလို့ရပါတယ်။ ငယ်ဘဝအရဲ့ တစ်စိတ်တစ်ပိုင်းသော အမှတ်တရတွေဖြစ်တဲ့အတွက် ပျော်ရွှင်ခြင်း ၊ လွတ်လပ်ခြင်းနဲ့ အမှတ်တရအဖြစ်အပျက်များစွာကို ပြန်လည်သတိရစေမှာ ဖြစ်ပါတယ်။

(၄) ကိန်းဂဏန်း တက်တူးများ

number tattoo
Photo : Flickr

ကိန်းဂဏန်းတက်တူးတွေကတော့ ဘယ်တော့မှာ ရိုးမသွားတဲ့ timeless တက်တူးဒီဇိုင်းတွေပဲ ဖြစ်ပါတယ်။ များသောအားဖြင့် ကိန်းဂဏန်းတက်တူးတွေကို မွေးနေ့ နဲ့ ဘဝရဲ့ အမှတ်တရနေ့စွဲကို ဖော်ကြူးရာမှာ ရေးထိုးဖြစ်ကြတာ များပါတယ်။ ဆိုတော့ ကိန်းဂဏန်းတွေက အဓိပ္ပါယ်ပြည့်ဝတဲ့ တက်တူးဒီဇိုင်းတစ်ခုလို့ ပြောရင်လည်း မမှားနိုင်ပါဘူး။ ကိန်းဂဏန်း တက်တူးတွေကို ရိုးရိုးရှင်းရှင်း အင်္ဂလိပ်အက္ခရာ နံပါတ်များနဲ့ ရေးထိုးကြသလို ဒီဇိုင်းဆန်းတဲ့စာလုံးအလှများ ၊ ရောမအက္ခရာများနဲ့ ရေးထိုးလေ့ရှိပါတယ်။

(၅) Abstract တက်တူးဒီဇိုင်းများ

Abstract tattoos
Photo : Cultura Colectiva

Abstract တက်တူးဆိုတာကတော့ စိတ်ကူးယဉ်ဆန်ပြီး လွတ်လပ်မှုအပြည့်နဲ့ စိတ်ကြိုက်ပုံဖော်နိုင်တဲ့ တက်တူးဒီဇိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ လိုင်းတွေ ၊ ရှိတ်တွေ ၊ အရောင်တွေနဲ့ စိတ္တဇဆန်ဆန်ပုံဖော်ထားတဲ့ အနုပညာတစ်ခုလည်း ဖြစ်ပါတယ်။ သာမာန်တက်တူးတွေထဲက ကွဲထွက်ပြီး လွတ်လပ်မှုအပြည့်ရှိတဲ့ အနုပညာတစ်ရပ်ကို ပုံဖော်ချင်သူတွေအတွက်တော့ abstract တက်တူးဒီဇိုင်းတွေက အသင့်တော်ဆုံးဖြစ်ပါတယ်။

Featured Photo : Audacy