များသောအားဖြင့် Breakdancing Movie တွေဟာ အားကြိုးမာန်တက်နဲ့ ဇွဲနဘဲ ကြီးကြီး ယုံကြည်ရာအိပ်မက်တွေဆီ လျှောက်လှမ်းကြတဲ့ ကားတွေပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဇာတ်ကားတွေထဲမှာ ကကွက်ဆန်းတွေကို လေ့လာနိုင်သလို တက်ကြွတဲ့ အားမာန်တွေကိုလည်း ရရှိမှာ အသေအချာပါပဲ။ Breakdance ရာဇ၀င်တစ်လျှောက် အကောင်းဆုံး Breakdancing ရုပ်ရှင်ကားများ စုစည်းတင်ဆက်မှု အပိုင်း (၃)ကို ထပ်မံဖော်ပြပေးလိုက်ပါတယ်။ ရှာဖွေပြီး ကြည့်ရှုဖို့ လက်တို့ပေးလိုက်တယ်နော်။
Fast Forward
Source: i.ytimg.com
Fast Forward လို့ အမည်ရတဲ့ ဒီအက ရုပ်ရှင်ဇာတ်ကားကတော့ အကောင်းဆုံး breaking dancing movie အမျိုးအစားထဲမှာပါဝင်ပါတယ်။ ငယ်ရွယ်တက်ကြွတဲ့ ကလေးငယ်လေးတစ်စုရဲ့ သူတို့ရည်မှန်းချက် ပန်းတိုင်ကို မဖြစ်ဖြစ်အောင် ကြိုးစားလျှောက်လှမ်းတဲ့ အကြောင်းလေးတွေကို ပုံဖော်ရိုက်ကူးတင်ဆက်ထားတာပါ။
အကပြိုင်ပွဲအကြောင်းတွေလည်း ထည့်သွင်းရိုက်ကူးထားသလို လူငယ်တွေရဲ့ တက်ကြွတဲ့ စိတ်ခွန်အားတွေအကြောင်းကို ဦးစားပေးရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ငွေကြေးမတတ်နိုင်ကြပေမယ့် ကိုယ့်ရဲ့ ပန်းတိုင်ကို မရောက်ရောက်အောင် တက်လှမ်းကြပုံတွေကို ကြည့်ရှူခံစားကြရမှာပါ။
Stomp the Yard
Source: s-media-cache-ak0.pinimg.com
ဒီကားလေးကတော့ DJ ကောင်လေးတစ်ယောက်အကြောင်းစိတ်ဝင်စားဖွယ်ရာ ဖန်တီးပုံဖော်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ညီအကိုနှစ်ယောက် အကပြိုင်ပွဲတွေကို တက်ညီလက်ညီ ပြိုင်ခဲ့ကြပြီး ရင်ခုန်ရာအိပ်မက်တွေကို အတူတကွ လျှောက်လှမ်းကြပေမယ့် နောက်ဆုံးမှာတော့ DJ ကောင်လေးတစ်ယောက်သာ ကျန်ခဲ့ပါတယ်။
ဘဝကို စိတ်ပျက်လက်ပျက်ဖြတ်သန်းနေတုန်း အတန်းဖော်ကောင်မလေးတစ်ယောက်ကို တွေ့ဆုံခွင့်ရခဲ့ပြီး အကလောကထဲ ထပ်မံခြေစုံပစ် ပြန်လည် ဝင်ခဲ့တဲ့ အကြောင်းလေးပါ။ အချစ် ၊ ခွန်အား နဲ့ ကကွက်ဆန်းတွေအကြောင်းကို မြင်တွေ့ရမှာဖြစ်ပြီး ဒီကားလေးကတော့ 2007 ခုနှစ်ရဲ့ လူငယ် ဒရမ်မာကားကောင်းလေး တစ်ကားပါပဲ။
B-Girl
Source: images-na.ssl-images-amazon.com
ဒီကားလေးကတော့ 2009 ခုနှစ်က ထွက်တဲ့ အကဇာတ်ကားလေးပါ။ B Girl တစ်ယောက်ဖြစ်တဲ့ အိန်ဂျယ်ဆိုတဲ့ Breakdancer တစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ ကားလေးဖြစ်ပါတယ်။ Breakdancer တစ်ယောက်ဖြစ်ချင်ပေမယ့်လည်း ဘဝနေထိုင်မှုတွေ ခက်ခဲတာ ၊ ချစ်သူရည်းစားကိစ္စခေါင်းရှုပ်စရာတွေ နဲ့ ပြည့်နှက်နေတဲ့ ကောင်မလေးတစ်ယောက် ဘဝကို အရှုံးမပေးဘဲ ကိုယ် ဖြစ်ချင်တဲ့ အိပ်မက်ကို အကောင်းဆုံး ကြိုးစား အကောင်အထည်ဖော်သွားတာတွေကို မြင်တွေ့ခံစားရမှာ ဖြစ်ပါတယ်။
Kickin’ It Old Skool
Source: static.tvgcdn.net
၁၉၈၆ ခုနှစ်အတွင်းမှာ ၁၂ နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ Breakdancing Group တစ်ခုရဲ့ အဖွဲ့ဝင် အကသမားလေးတစ်ဦးဖြစ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ စတိတ်စင်ပေါ်ကနေရင်းက ချော်ကျပြီး ကိုမာရောဂါသည်အဖြစ်နဲ့ ဆေးရုံမှာ နေခဲ့ရပါတယ်။ ပြန်လည်နိုးထလာချိန်မှာတော့ အနှစ်နှစ်ဆယ်ကျော်သွားခဲ့ပါတယ်။
အသက် ၁၂နှစ်အရွယ်ကောင်လေးဟာ ပြန်လည်နိုးထလာချိန်မှာ သူ့ကိုယ်သူ 32 နှစ်အရွယ် လူကြီးတစ်ယောက်အနေနဲ့ ပြန်လည်တွေ့မြင်သွားတဲ့အတွက် အတော်ထိတ်လန့်သွားပါတယ်။ နောက်ပိုင်းမှာတော့ နှစ်တွေ ဘယ်လောက် ကြာသွားပါစေ အသွေးထဲ အသားထဲက breakdance ကိုတော့ မေ့ဖျောက်မရဘူး ဆိုတဲ့ အကြောင်းကို ဟာသနှောပြိး ရိုက်ကူးထားတဲ့ ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။
Delivery Boys
Source: i.ytimg.com
ဒီကားကတော့ 1985 ခုနှစ်က ကားဆိုပေမယ့်လည်း Breakdancing ကို စိတ်ဝင်စားတဲ့သူတွေအတွက် ရိုးမသွားတဲ့ ကားကောင်းလေးတစ်ကားပါပဲ။ အကကိုဝါသနာပါ ခုံမင်ပြီး ရူးသွပ်ကြတဲ့ လူငယ်တစ်စုရဲ့ အကြောင်းကို ပုံဖော် ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။
အကကို ခုံမင် ဝါသနာပါပေမယ့်လည်း စားဝတ်နေရေးအတွက် ပီဇာပို့ကြတဲ့ အလုပ်ကို လုပ်ကြတဲ့ လူငယ်တွေဖြစ်ပါတယ်။ အဲဒါကြောင့် သူတို့ကို လူတွေက Delivery Boys လို့ ခေါ်ကြပါတယ်။ အကပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ သူတို့ အဖွဲ့ကြိုးစားရပုံတွေ ၊ ကြုံရဆုံရတဲ့ အနှောင့်အယှက်တွေကို ကျော်လွှားခဲ့ပုံတွေကို ဒီဇာတ်ကားထဲမှာ မြင်တွေ့ကြရမှာပါ။