ကျောင်းတက်စဉ်ဘဝတုန်းက သင်ယူခဲ့ရတာတွေထဲကမှ ကောင်းတဲ့အချက်တစ်ခုကတော့ စာဖတ်ခြင်းအလေ့အထကနေမှ အောင်မြင်မှုလမ်းကြောင်းကို လျှောက်လှမ်းနိုင်တယ်ဆိုတာကို သဘောပေါက်နားလည်ခဲ့တာပါပဲ။

ကိုယ့်အနီးအနားပတ်ဝန်းကျင်မှာရှိတဲ့ ဉာဏ်ကောင်းလှပါတယ်ဆိုတဲ့သူတွေတောင်မှ မွေးကတည်းက ဗဟုသုတတွေအပြည့်ပါလာတာမဟုတ်ပါဘူး။ သူတို့အများစုရဲ့ ဗဟုသုတကြွယ်ရတဲ့ အကြောင်းအရင်းတစ်ခုကို ပြောပါဆိုရင်တော့ စာဖတ်ခြင်းပါပဲ။

ဘဝမှာအောင်မြင်နေကြသူအများစုဟာဆိုရင်တော့ စာဖတ်လေ့ရှိတဲ့ အကျင့်တစ်ခုကို မွေးမြူထားကြသူတွေပဲဖြစ်ပါတယ်။ ဒါဆိုရင် စာဖတ်ခြင်းက အောင်မြင်ခြင်းလမ်းကြောင်းပေါ်ကို ဘယ်လိုတွန်းပို့ပေးနိုင်မလဲဆိုတာကို ဖတ်ကြည့်လိုက်ရအောင်ပါ။

အာရုံစူးစိုက်နိုင်အားကောင်းစေခြင်း

Source: Unsplash

တရားထိုင်ခြင်းလိုပဲ စာဖတ်ခြင်းကလည်း စာကြောင်းတစ်ကြောင်းစီအပေါ်မှာ စိတ်နှစ်ပြီးဖတ်ရတဲ့အတွက်ကြောင့် အာရုံစူးစိုက်နိုင်စွမ်းအားကို တိုးတက်စေမှာဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်ကြောင်းရဲ့ ဖြစ်ကြောင်းကုန်စင်သိရဖို့အတွက် အသေးစိတ်ကအစ အလေးထားပြီး ဖတ်ရတဲ့အတွက်ကြောင့် စိတ်အာရုံထွေပြား ပြန့်နှံ့သွားစေမှာမဟုတ်ပါဘူး။

အချိန်ကို အကျိုးရှိရှိ အသုံးချတတ်ခြင်း

Source: Freepik

စာဖတ်ခြင်းဟာဆိုရင် စိတ်ဝင်စားစရာလည်းကောင်းသလို ဗဟုသုတလည်းကြွယ်ဝစေတဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ အချိန်တွေကို Social Media တွေသုံးပြီးတော့ ဖြုန်းပစ်မယ့်အစား စာဖတ်ခြင်းနဲ့ ကုန်ဆုံးပေးမယ်ဆိုရင် အဖိုးတန်တဲ့ ဗဟုသုတတွေကို ရရှိစေမှာဖြစ်ပါတယ်။

အတွေးနယ်ချဲ့တတ်ခြင်း

Source: Freepik

စာဖတ်ခြင်းကြောင့် ဘဝကို မတူညီတဲ့ ရှုထောင့်တွေကနေ မြင်ကြည့်စေနိုင်သလို စာဖတ်နေစဉ်အချိန်မှာလည်း ဘက်ပေါင်းစုံကနေ နားလည်နိုင်အောင် ကြိုးစားစေတဲ့အတွက်ကြောင့် အတွေးစွမ်းရည်ကိုလည်း တိုးတက်စေမှာဖြစ်ပါတယ်။

ဖန်တီးနိုင်စွမ်းအား တိုးတက်စေခြင်း

Source: Unsplash

ဝတ္ထုစာအုပ်တွေဖတ်ခြင်းကနေ တခြားမတူညီတဲ့ ကမ္ဘာတစ်ခုကို ခေါ်ဆောင်သွားနိုင်ပြီးတော့ ကိုယ့်စိတ်တိုင်းကျ ဇာတ်လမ်းကို ပုံဖော်ကြည့်နိုင်မှာဖြစ်ပါတယ်။ ထိုမှတဆင့် လက်တွေ့ဘဝမှာလည်း ပိုပြီးကောင်းမွန်တဲ့ တွေးခေါ်ယူဆချက်တွေ၊ ပုံဖော်ဖန်တီးနိုင်စွမ်းအားတွေ တိုးတက်စေမှာဖြစ်ပါတယ်။

နဂိုထက် ပိုပြီးကောင်းမွန်စွာ ရေးနိုင်ပြောနိုင်လာခြင်း

စာဖတ်ခြင်းကနေ စာလုံးပေါင်းအသစ်တွေ၊ တွေးခေါ်နိုင်စွမ်းအားတွေ တိုးမြှင့်နိုင်၊ သင်ယူနိုင်တဲ့အတွက်ကြောင့် ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ပြန်လည်အသုံးချတဲ့အခါ အခက်အခဲမရှိ အလွယ်တကူ ပြောနိုင်ရေးနိုင်လာမှာဖြစ်ပါတယ်။

ဒါ့အပြင် စာဖတ်ခြင်းမှတဆင့် ရရှိလာနိုင်သေးတဲ့ အကျိုးကျေးဇူးတွေကတော့

  • ဝေါဟာရကြွယ်ဝလာခြင်း
  • ပိုင်းခြားစိတ်ဖြာနိုင်စွမ်းရည် တိုးတက်နိုင်ခြင်း
  • မှတ်ဉာဏ်အားကောင်းစေခြင်း
  • စိတ်လက်ပေါ့ပါးစေခြင်း

တို့ဖြစ်ပါတယ်။