ဝက်ခြံ နဲ့ ပတ်သတ်ရင် ယုံတမ်းစကားတွေ သိပ်ကို များပါတယ်။ တချို့နည်းလမ်းတွေက ကွီးတို့ရဲ့ မျက်နှာပေါ်က ဝက်ခြံတွေကို အထိုက် အလျောက် သက်သာလျော့ပါးသွားနိုင်ပေမယ့် တချို့ နည်းလမ်းတွေကတော့ ကွီးတို့ရဲ့ ဝက်ခြံပြဿနာကို အဆိုးရွားဆုံး အခြေအနေတစ်ခုအထိရောက်အောင် တွန်းပို့နိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ မျက်နှာပေါ်က ဝက်ခြံ တွေနဲ့ ပတ်သတ်ပြီး ကွီးတို့ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ရေခဲကပ်ပါ

Photo : Medical News Today

ရောင်ရမ်းနေတဲ့ ဝက်ခြံတွေကို သက်သာစေဖို့ဆိုရင် ရေခဲနဲ့ ဝက်ခြံ ပေါက်တဲ့ အရေပြားတဝိုက်ကို တစ်မိနစ်ခန့်လောက် ညင်သာစွာ ပွတ်ပေးနိုင်ပါတယ်။ ဒီနည်းလမ်းက လူတိုင်းအတွက် အလုပ်ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကြီးကြီးမားမား ဘေးထွက်ဆိုးကျိုးတော့ မရှိပါဘူး။ တစ်ခု သတိထားရမှာက မျက်နှာအရေပြားကို ရေခဲနဲ့ အချိန်အကြာကြီး မကပ်ပါနဲ့။ အကြောင်းကတော့ အရေပြား ယားယံခြင်းကို ဖြစ်စေနိုင်လို့ပါ။

(၂) ဝက်ခြံမညှစ်ပါနဲ့

Photo : Men’s Health

ဒါကတော့ လုံးဝရှောင်ရမယ့် အချက်တစ်ခုပါပဲ။ ဝက်ခြံကို လက်နဲ့ညှစ်တာက ဝက်ခြံ သက်သာစေဖို့ထက် ပိုးဝင်ပြီး ကြည့်ရဆိုးစေတဲ့ ဝက်ခြံအမာရွတ်တွေ ဖြစ်နိုင်ခြေ ပိုများပါတယ်။

(၃) Sulfur ပါတဲ့ ခရင်မ်တွေ လိမ်းပေးပါ

Photo : iStock

ဝက်ခြံသက်သာစေဖို့ Benzoyl Peroxide သို့မဟုတ် Sulfur နဲ့ Resorcinol တို့ပါဝင်တဲ့ ဝက်ခြံကုထုံးတွေကို အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် နေ့ချင်းညချင်း သိသာထင်ရှားတဲ့ ရလဒ်မျိုးတော့ မျှော်လင့်ထားလို့ မရနိုင်ပါဘူး။ နောက်ထပ် သတိထားရမှာတစ်ခုက ဝက်ခြံကုထုံးတွေက အရေပြားခြောက်သွေ့ခြင်း ၊ ယားယံခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်နဲ့ ပြနေကျ အရေပြားဆရာဝန်လမ်းညွှန်တဲ့ ဝက်ခြံကုထုံး ထုတ်ကုန်တွေကို အသုံးပြုတာကတော့ အကောင်းဆုံးဖြစ်ပါတယ်။

(၄) သွားတိုက်ဆေး မလိမ်းပါနဲ့

Photo : Unsplash

ဝက်ခြံအတွက် သွားတိုက်ဆေးကို အသုံးပြုတဲ့ အိမ်တွင်းကုထုံးတွေအကြောင်း ကြားဖူးနားဝရှိကြမယ် ထင်ပါတယ်။ တကယ်တော့ သွားတိုက်ဆေးမှာပါတဲ့ ပါဝင်ပစ္စည်းတွေက ဝက်ခြံတွေကို ခြောက်သွားအောင် ကူညီပေးနိုင်ပေမယ့် တစ်ဖက်မှာတော့ ဝက်ခြံတွေကို ပိုဆိုးလာစေနိုင်ပါတယ်။ နောက်ပြီး ဖလိုရိုက်နဲ့ သွားဖြူစေတဲ့ ပါဝင်ပစ္စည်းတွေက အရေပြားအပေါ် လိမ်းတဲ့အခါ ဓာတ်မတည့်မှုကို ဖြစ်စေနိုင်ပါတယ်။

(၅) Tea Tree Oil အသုံးပြုပါ


Photo : Gentlemans Foundry

Tea Tree Oil က ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ ဂုဏ်သတ္တိရှိပြီး တချို့ကလည်း ဝက်ခြံ အပါအဝင် အရေပြားယားယံမှုတွေကို ကုသဖို့ အသုံးပြုကြပါတယ်။ ဘယ်လောက်ရာခိုင်နှုန်းအထိ ထိရောက်မှုရှိတယ်ဆိုတဲ့ ရလဒ်မျိုး သုတေသနများစွာမှာ မတွေ့ရ‌ပေမယ့်လည်း Tea Tree Oil ဟာ အရေပြားပေါ် တိုက်ရိုက်အသုံးပြုနိုင်တဲ့အထိ ဘေးကင်းပါတယ်။ ကိုယ်နဲ့ ဓါတ်မတည့်မှု ရှိမရှိ သေချာသိစေဖို့ မျက်နှာမဟုတ်တဲ့ တခြားသော အရေပြားနေရာတွေမှာ စမ်းလိမ်းကြည့်နိုင်ပါတယ်။

Featured Photo : Men’s Health