ပြီးခဲ့တဲ့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ကစားသမားများ ခေါ်ယူ အသုံးပြုမှုအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ကနေ ကစားသမားတွေရဲ့ သက်ဆိုင်ရာ ကလပ်အသင်းတွေဆီ လျော်ကြေး ငွေများ ပြန်လည် ပေးအပ်ခဲ့ရာ မန်ချက်စတာ စီးတီးအသင်းက လျော်ကြေးငွေ အများဆုံး ရရှိတဲ့ ကလပ်အသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

Photo Credit : Manchester City FC

မန်စီးတီးအသင်းက အသင်းရဲ့ ကစားသမား အများအပြားကို ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် လက်ရွေးစင်အသင်းတွေဆီ စေလွှတ်ခဲ့ရတာကြောင့် ဖီဖာကနေ မန်စီးတီးအတွက် လျော်ကြေးငွေ ပေါင် (၃.၅၄)သန်း ပေးချေသွားခဲ့ပါတယ်။ မန်စီးတီးရဲ့အောက်မှာတော့ ဘာစီလိုနာ ၊ ဘိုင်ယန်မြူးနစ် ၊ ရီးယဲလ် မက်ဒရစ် နဲ့ ပီအက်စ်ဂျီအသင်းတို့က ဖီဖာ လျော်ကြေးငွေတွေကို အစဉ်လိုက် ရရှိခဲ့ကြပြီး အသင်းအားလုံးအတွက်ကိုလည်း ဖီဖာဘက်ကနေ စုစုပေါင်း လျော်ကြေးငွေ ပေါင် (၁၆၀.၉၁)သန်းအထိ ပေးချေသွားခဲ့ပါသေးတယ်။

Photo Credit : Youtube

ဒီလို ဖီဖာကနေ လျော်ကြေးငွေများ ပေးချေရမှာ ဥရောပ ကလပ်အသင်းတွေက တခြားသော တိုက်ကြီးတွေက ကလပ်အသင်းတွေထက် လျော်ကြေး ပိုမို ရရှိခဲ့တဲ့အပြင် ဥရောပမှာလည်း အင်္ဂလန် ကလပ်အသင်းတွေကသာ လျော်ကြေး ပေါင် (၂၉)သန်းနဲ့ လျော်ကြေးငွေ အများဆုံး ပိုင်ဆိုင်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ (၂၁)ရက်နေ့ကနေ ဒီဇင်ဘာ (၁၈)ရက်နေ့အထိ ကာတာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ပါဝင် ဆင်နွဲဖြစ်ခဲ့တဲ့ ပြိုင်ပွဲဝင် ကစားသမားတစ်ဦးအတွက် တစ်ရက်ကို ပေါင် (၉၃၈၈)ပေါင် လျော်ကြေး သတ်မှတ်ပေးထားတာ ဖြစ်ပါတယ်။

Photo Credit : Goal

ဒါ့အပြင် လာမယ့် ၂၀၂၆ခုနှစ် ကမ္ဘာ့ဖလားမှာ ပြိုင်ပွဲဝင် အသင်းအရေအတွက်ကို (၃၂)သင်း မှ (၄၈)သင်းအထိ တိုးမြှင့် ကျင်းပတော့မှာဖြစ်လို့ အဲ့ဒီပြိုင်ပွဲဆီ စေလွှတ်ရမယ့် ကစားသမားတွေအတွက် လျော်ကြေးငွေကို ပိုမို တိုးမြှင့် ပေးချေသွားဖွယ်လည်း ရှိနေပါတယ်။ ၂၀၂၆ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးတော့ အမေရိကန် ကနေဒါ နဲ့ မက္ကဆီကိုတို့က (၃)နိုင်ငံအတူ ပူးပေါင်း ကျင်းပသွားမှာဖြစ်ပြီး ဒါဟာ ကမ္ဘာ့ဖလား သမိုင်းမှာတော့ ပထမဆုံးအကြိမ် (၃)နိုင်ငံအထိ ပူးတွဲ ကျင်းပမှုလည်း ဖြစ်လာခဲ့ရပါတယ်။