လူတွေကို ပျော်ရွှင်ရယ်မောအောင် လုပ်ရတဲ့ ဟာသပညာရှင် (လူရွှင်တော်) အလုပ်ဟာ ကုသိုလ်ရသလို စိတ်ချမ်းသာစရာလည်း ကောင်းပါတယ်။ နိုင်ငံတကာမှာ ဟာသပညာရှင် တစ်ယောက်ရဲ့ ဝင်ငွေ ဟာ တစ်နှစ်ကို ဒေါ်လာသန်းနဲ့ ချီပြီး ရကြတာပါ။ ပြောရရင် ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့ အလုပ် ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ပရိသတ်တွေ ထင်မှတ်မထားလောက်အောင် ကြွယ်ဝချမ်းသာတဲ့ ကမ္ဘာ့ အချမ်းသာဆုံး ဟာသပညာရှင် တွေအကြောင်း တင်ဆက်ပေးချင်ပါတယ်။

(၁) Jerry Seinfeld

Photo : NPR

နံပါတ် ၁ ကတော့ Jerry Seinfeld ပါ။ Jerry Seinfeld ကို “The King of Comedy” လို့လည်း လူသိများပါတယ်။ Jerry ဟာ အမေရိကန် ဟာသပညာရှင် Larry David နဲ့ ပူးတွဲပြီး Seinfeld ဆိုတဲ့ ရုပ်မြင်သံကြားအစီအစဉ်ကို တင်ဆက်ခဲ့ပြီးနောက် အကြီးကျယ်အောင်မြင်မှု ရခဲ့ပါတယ်။ လက်ရှိ Jerry ရဲ့ အသားတင်ပိုင်ဆိုင်မှုမှာ ဒေါ်လာ သန်း ၉၅၀ ရှိတယ်လို့ ခန့်မှန်းထားကြပြီး ဒီနေ့ခေတ်ရဲ့ အချမ်းသာဆုံး ဟာသပညာရှင်တစ်ယောက် ဖြစ်ပါတယ်။

(၂) Matt Stone

Photo : The Sun

Matt Stone ကတော့ Animator ၊ အသံသရုပ်ဆောင်နဲ့ အတော်ဆုံး ဟာသပညာရှင် တစ်ယောက်ဖြစ်ပြီး South Park လို့အမည်ရတဲ့ Animation စီးရီးကို အမေရိကန် သရုပ်ဆောင် Trey Parker နဲ့ အတူတွဲဖန်တီးခဲ့သူအဖြစ် ပရိသတ်တွေကြားမှာ လူသိများပါတယ်။ ဒီ Show ဟာ ချက်ချင်းဆိုသလိုပဲ Comedy Central ရဲ့ Ratings ထိပ်ဆုံးကို ရောက်ရှိသွားခဲ့တဲ့အထိ အောင်မြင်မှု အကြီးအကျယ် ရခဲ့ပါတယ်။ Matt Stone ဟာ ကမ္ဘာ့ အချမ်းသာဆုံး ဟာသပညာရှင်တွေထဲက တစ်ယောက်ဖြစ်ပြီး အသားတင် ပိုင်ဆိုင်မှုကတော့ ဒေါ်လာ သန်း ၇၀၀ လောက် ရှိမယ်လို့ ခန့်မှန်းထား ကြပါတယ်။

(၃) Matt Groening

Photo : The New York Times

Matt Groening ကတော့ နိုင်ငံတကာ နာမည်ကြီး တီဗီရှိုး The Simpsons နဲ့တွဲပြီး လူသိများတဲ့ နာမည်ကြီး အမေရိကန် ဟာသပညာရှင်နဲ့ Animator တစ်ယောက် ဖြစ်ပါတယ်။ Matt ဟာ ဟာသပညာမှာ အင်မတန် ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး လက်ရှိအသားတင်ပိုင်ဆိုင်မှု ဒေါ်လာသန်း ၆၀၀ ကျော်နဲ့ ကမ္ဘာ့ပေါ်က တတိယမြောက် အချမ်းသာဆုံး ဟာသပညာရှင် တစ်ဦးအဖြစ် ရပ်တည်လျက်ရှိပါတယ်။

(၄) Trey Parker

Photo : Salaguamotors

Trey Parker ကတော့ နာမည်ကြီး ဟာသပညာရှင်တစ်ယောက် ဖြစ်သလို ရုပ်ရှင် သရုပ်ဆောင် ၊ အသံ သရုပ်ဆောင် ၊ ဒါရိုက်တာနဲ့ ရုပ်ရှင် ထုတ်လုပ်သူ အဖြစ်လည်း လုပ်ကိုင်လျက်ရှိပါတယ်။ အပေါ်မှာပြောခဲ့သူပဲ Trey ဟာ Matt Stone နဲ့ South Park စီးရီးကို အတူတူ ဖန်တီးခဲ့သူ ဖြစ်ပါတယ်။ သူဟာ Emmy Awards ၄ ဆု ၊ Grammy Award ၁ ဆုတို့ကိုလည်း ရရှိခဲ့ပြီး လက်ရှိ အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ သန်း ၆၀၀ ခန့်ရှိမယ်လို့ ခန့်မှန်းထား ကြပါတယ်။

(၅) Ellen DeGeneres

Photo : Deseret News

နောက်တစ်ယောက်ကတော့ ပရိသတ်တွေ အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Ellen DeGeneres ဖြစ်ပါတယ်။ Ellen ဟာ တကယ့်ကို ထူးချွန်တဲ့ ဟာသပညာရှင် တစ်ယောက်ဖြစ်သလို ရုပ်မြင်သံကြား အစီအစဉ်တင်ဆက်သူ ၊ သရုပ်ဆောင်နဲ့ စာရေးဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမ အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်တဲ့ Ellen Show ဟာလည်း ကမ္ဘာ့ ပေါ်က လူကြိုက်အများဆုံး ရှိုးတစ်ခုအဖြစ် ဝက်ဝက်ကွဲ အောင်မြင်မှု ရရှိထားပါတယ်။ Ellen ကတော့ အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ သန်း ၅၀၀ ခန့်ရှိတဲ့ ကမ္ဘာ့ အချမ်းသာဆုံး ဟာသပညာရှင်တစ်ယောက် ဖြစ်ပါတယ်။

(၆) Jay Leno

Photo : NBC News

Jay Leno ကိုတော့ ကမ္ဘာ့နာမည်ကြီး ထိပ်တန်းအနုပညာရှင်အချို့ ပေါင်းပြီး အစီအစဉ်တင်ဆက်နေသူအဖြစ် လူသိများပါတယ်။ Jay ဟာ နာမည်ကြီး ဟာသပညာရှင်တစ်ယောက်ဖြစ်သလို ရုပ်သံအစီအစဉ်တင်ဆက်သူ အဖြစ်လည်း အလုပ်လုပ်ကိုင်ပါတယ်။ Jay ရဲ့ အသားတင် ပိုင်ဆိုင်မှုကတော့ ဒေါ်လာ သန်း ၄၅၀ ခန့် ရှိပါတယ်။

(၇) Byron Allen

Photo : Los Angeles Times

Byron Allen ကတော့ အမေရိကန် ဟာသပညာရှင် ၊ ရုပ်သံထုတ်လုပ်သူနဲ့ ကယ်လီဖိုးနီးယားပြည်နယ် ၊ လော့စ်အိန်ဂျလိစ်မှာရှိတဲ့ ရုပ်သံထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Entertainment Studios ရဲ့ CEO တစ်ယောက်လည်း ဖြစ်ပါတယ်။ Allen ဟာ ဒေါ်လာ သန်း ၄၅၀ ပိုင်ဆိုင်ထားပြီး ၇ ယောက်မြောက် ကမ္ဘာ့ အချမ်းသာဆုံး ဟာသပညာရှင် တစ်ယောက်ဖြစ်ပါတယ်။

Featured Photo : Vox