အသည်းကွဲလို့ လောင်နေလား လေ့ကျင့်ခန်းလုပ် ၊ ဆော်လေးနဲ့အဆင်မပြေလို့ လောင်နေလား လေ့ကျင့်ခန်းလုပ် ၊ အလုပ်မှာ စိတ်ဖိစီးစရာတွေကြုံနေရပြီလား လေ့ကျင့်ခန်းလုပ်။ ဟုတ်ပါတယ် လေ့ကျင့်ခန်း လုပ်တာက ကျွန်တော်တို့အတွက် အကောင်းဆုံး ထွက်ပေါက်တစ်ခုပါပဲ။ ခန္ဓာကိုယ်က ပိုလှုပ်ရှားလေ ၊ ပိုကျန်းမာလေပါ။ ဘာအကြောင်းကြောင့် လောင်လောင် ၊ ကယ်လိုရီ လောင်အောင်လုပ်တာက ကွီးတို့ရဲ့ စိတ်နဲ့ခန္ဓာ ကျန်းမာရေးအတွက် အများကြီး အကျိုးရှိစေပါလိမ့်မယ်။ ဒီဆောင်းပါးလေးမှာတော့ ကယ်လိုရီများများ လောင်ကျွမ်းစေတဲ့ အထိရောက်ဆုံး လေ့ကျင့်ခန်းနည်းတွေကို မျှဝေပေးပါမယ်။

(၁) HIIT Workouts

Photo : Man of Many

High-Intensity Interval Training လို့လည်း ခေါ်ပါတယ်။ HIIT Workouts တွေဟာ လျင်မြန်တဲ့အရှိန်နဲ့ ပြင်းပြင်းထန်ထန်ကစားရပြီး လေ့ကျင့်ခန်းတစ်ခုနဲ့တစ်ခုကြားမှာ စက္ကန့် ၂၀ လောက်သာ အနားယူချိန်ပေးရတာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက နှလုံးခုန်နှုန်းနဲ့ ကြွက်သားတွေရဲ့သန်မာမှုကို တိုးစေပြီး ခန္ဓာကိုယ်တစ်ခုလုံးအပေါ် သက်ရောက်မှုရှိပါတယ်။ HIIT Workouts ကို မိနစ် ၃၀ ခန့် ကစားပေးရုံနဲ့ ကယ်လိုရီ ၂၅၀ ကနေ ၄၀၀ ကြား လောင်ကျွမ်းနိုင်ပါတယ်။

(၂) Aerobics လေ့ကျင့်ခန်း

Photo : Superpages

Aerobics လေ့ကျင့်ခန်းတွေက ပျော်စရာကောင်းတယ် ၊ သွက်လက်တက်ကြွပြီး လန်းဆန်းမှုကို ပေးစွမ်းပါတယ်။ အစပိုင်းမှာတော့ အနည်းငယ်ခက်ခဲတယ်လို့ ထင်ရပေမယ့် ဆော့ရင်းဆော့ရင်းနဲ့ ပျော်လာပါလိမ့်မယ်။ Fitness Trainers တွေကတော့ အဆီကျချင်သူတွေ ၊ ခန္ဓာကိုယ် အချိုးအစားပြေပြစ်လှပချင်သူတွေအတွက် Aerobics လေ့ကျင့်ခန်းက အကောင်းဆုံး လေ့ကျင့်ခန်းတွေထဲကတစ်ခုလို့ ညွှန်းကြပါတယ်။ Aerobics လေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားတွေအပေါ် သက်ရောက်မှုရှိပြီး မိနစ် ၆၀ ခန့် ကစားပေးရုံနဲ့ ကယ်လိုရီ ၅၀၀ ကနေ ၆၀၀ ကြား လောင်ကျွမ်းနိုင်ပါတယ်။

(၃) ကြိုးခုန်လေ့ကျင့်ခန်း

Photo : Eat This, Not That

ကြိုးခုန်လေ့ကျင့်ခန်းဟာ ကယ်လိုရီများစွာကို လောင်ကျွမ်းစေနိုင်ပြီး ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိစေနိုင်တဲ့ အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ တစ်နာရီအတွင်း ကြိုးခုန်လေ့ကျင့်ခန်း ပြုလုပ်ပါက ကယ်လိုရီ ၇၀၀ ကနေ ၈၀၀ ခန့်အထိ လောင်ကျွမ်းစေနိုင်ပါတယ်။ ခန္ဓာကိုယ်အောက်ပိုင်း ကြွက်သားတွေ ၊ ပခုံးနဲ့ လက်မောင်းကြွက်သားတွေကိုပါ သန်မာလာစေဖို့ အထောက်အကူပြုပါတယ်။

(၄) အပြေးလေ့ကျင့်ခန်း

Photo : The Home Gym

အပြေးလေ့ကျင့်ခန်းကတော့ ခန္ဓာကိုယ်က အဆီပိုတွေကို လောင်ကျွမ်းစေဖို့အတွက် အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံး လေ့ကျင့်ခန်းနည်းတစ်ခု ဖြစ်ပါတယ်။ အပြေးလေ့ကျင့်ခန်းပြုလုပ်ရာမှာ Outdoor နဲ့ Treadmill ပေါ်မှာပြေးရတဲ့ Indoor ပြေးနည်းဆိုပြီး ရှိပါတယ်။ ၂ခုစလုံးမှာ အကျိုးရလဒ်တွေက ကိုယ်စီရှိတာမို့ ကိုယ်နှစ်သက်ရာနည်းနဲ့ ပြေးနိုင်ပါတယ်။ အပြေးလေ့ကျင့်ခန်းက တစ်နာရီလျှင် ကယ်လိုရီ ၄၀၀ ကနေ ၆၀၀ ခန့် လောင်ကျွမ်းစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကို တိုက်ထုတ်ပေးပြီး သက်လုံစွမ်းအားနဲ့ ကြံ့ခိုင်မှုတိုးစေမယ့် အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခုပဲ ဖြစ်ပါတယ်။

(၅) Water Aerobics လေ့ကျင့်ခန်း

Photo : Aqua Fitness Online

ချွေးထွက်တဲ့ အားကစားနည်းတွေ မကြိုက်သူတွေအတွက် Water Aerobics က အသင့်တော်ဆုံး ကယ်လိုရီလောင်ကျွမ်းစေမယ့် လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေက ပိုလျှံနေတဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းညှိပေးပါလိမ့်မယ်။ Water Aerobics လေ့ကျင့်ခန်းက အကြမ်းဖျင်းအားဖြင့် ကယ်လိုရီ ၂၀၀ ကနေ ၄၀၀ ခန့် လောင်ကျွမ်းစေနိုင်ပေမယ့် ၁ နာရီခန့် ရေကူးတာလောက်တော့ အကျိုးမများပါဘူး။ ကွီးတို့ ၁ နာရီခန့် ရေကူးမယ်ဆို ကယ်လိုရီ ၇၀၀ ခန့်လောင်ကျွမ်းစေနိုင်ပါတယ်။

ကဲဒါဆို ဆော်နဲ့ကွိုင်တက်လို့ လောင်နေတဲ့ ဘော်ဒါကြီးကိုကျန်းမာစေဖို့ မန့်ရှင်းခေါ်လိုက်ရအောင်……

Featured Photo : The Manual