ဘရာဇီးလ် magician လေးလို့ တင်စားခေါ်ဆိုခံရဖူးသူ ကွင်းလယ် တိုက်စစ် နဲ့ တောင်ပံ ကစားသမား ဖီလစ်ပီ ကော်တင်ဟိုဟာ လက်ရှိအချိန်မှာတော့ ကာတာကလပ် အယ်လ် ဒူဟေးလ်အသင်းဆီကို ပြောင်းရွှေ့ကစားဖို့ အသေချာဆုံးသော အခြေအနေကို ရောက်သွားပြီလို့ နာမည်ကျော် ဘောလုံး ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက သတင်းဖော်ပြလာခဲ့ပါတယ်။

Photo Credit : Football Espana

အင်တာမီလန်အသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ရတဲ့ ကော်တင်ဟိုဟာ အက်စပန်ညိုအသင်းမှာ အငှားနဲ့ သွားရောက် ကစားဖြစ်ခဲ့ပြီး ၂၀၁၂ခုနှစ်မှာပဲ လီဗာပူးလ်အသင်းဆီ အပြီးသတ် ပြောင်းရွှေ့ခဲ့ရပါတယ်။ လီဗာပူးလ်ကို ရောက်ရှိချိန်မှာပဲ ကော်တင်ဟိုက အကောင်းဆုံးသော စွမ်းဆောင်ရည်တွေ ပြသနိုင်လာခဲ့ပြီး အသင်းရဲ့ အချစ်တော် ကစားသမားတစ်ဦးပါ ဖြစ်လာခဲ့ရပါတယ်။ ကော်တင်ဟိုက လီဗာပူးလ်အသင်းမှာ ဘောလုံးရာသီ (၆)ရာသီအထိ ကျင်လည်ခဲ့ရင်း ပွဲပေါင်း (၂၀၁)ပွဲ ကစားခဲ့ကာ (၅၄)ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit : CNN

ဒီလိုမျိုး ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ ကော်တင်ဟိုကို ဘာစီလိုနာအသင်းက ပေါင် (၁၄၂)သန်းအထိ အသုံးပြုပြီး ခေါ်ယူခဲ့ရာ ကော်တင်ဟိုက နယ်မြေသစ်မှာ ရုန်းကန်ခဲ့ရပြီး ပုံမှန် ခြေစွမ်းလည်း ပြသဖို့ ခက်ခဲခဲ့တာကြောင့် ပုံမှန် ကစားခွင့်တွေလည်း ဆုံးရှုံးခဲ့ရရင်း ၂၀၁၉မှာ ဘိုင်ယန်အသင်းဆီ (၂)ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ရပါတယ်။ ဘာစီလိုနာမှာ ခြေစွမ်းမပြနိုင်ခဲ့ပေမယ့်လည်း ဒေသတွင်း ဆုဖလားတွေအားလုံး ဆွတ်ခူးနိုင်ခဲ့တဲ့ ကော်တင်ဟိုဟာ ဘိုင်ယန်အသင်းဆီ ရောက်ရှိချိန်မှာလည်း ချန်ပီယံလိဂ်ဖလားကိုပါ ဆွတ်ခူးနိုင်ခဲ့သလို ဘာစီလိုနာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာပါ သူ့အသင်းဟောင်းဘက်ကို ဂိုးသွင်းယူနိုင်ခဲ့ပါသေးတယ်။

Photo Credit : Football Espana

၂၀၂၂ခုနှစ်မှာ ဗီလာနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တစ်ကျော့ပြန် ရောက်လာခဲ့တဲ့ ကော်တင်ဟိုဟာ ကနဦးပိုင်းမှာ ခြေစွမ်းတွေ ပြသနိုင်ပေမယ့်လည်း နောက်ပိုင်း ပြန်မြှပ်သွားခဲ့တာကြောင့် ဗီလာဘက်က သူ့ကို ရောင်းချဖို့ ပြင်ဆင်လာခဲ့ပြီး ကော်တင်ဟိုကိုလည်း ကာတာ ကလပ် အယ်လ် ဒူဟေးလ်အသင်းနဲ့ တူရကီကလပ် ဘက်ဆစ်တက်အသင်းတို့က အပြိုင်လိုက်ခဲ့ပေမယ့်လည်း ကော်တင်ဟိုကတော့ အယ်လ် ဒူဟေးလ်အသင်းကိုသာ ရွေးချယ်သွားခဲ့ပါတယ်။

Featured Photo : Sportskeeda Twitter