ကမ္ဘာကြီးက နည်းပညာများဖြင့် အမြဲတစေ ပြောင်းလဲတိုးတက်လာနေပြီး လူသားတို့ရဲ့ နေ့စဉ်ဘဝ လှုပ်ရှားမှုတွေကို ပိုမိုမြန်ဆန်လွယ်ကူလာစေတယ်ဆိုတာ ညိုကီတို့ အသိပါပဲ။ ဒီအထဲမှာ နေ့စဉ်သွားလာလှုပ်ရှားမှုမှာ အရေးပါတဲ့ မော်တော်ကားတွေလည်း အပါအဝင်ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ နည်းပညာမြင့် မော်တော်ကား အမျိုးမျိုးကို တီထွင်ဖန်တီးလာကြပြီး ထိုဆန်းသစ်တီထွင်မှုများက ကျွန်တော်တို့ရဲ့ ဘဝကို ပိုမိုလွယ်ကူစေရုံသာမက မောင်းနှင်မှုကိုလည်း ပိုမိုလုံခြုံစေကာ အမိုက်စား ခံစားချက်ကိုလည်း ရရှိစေပါတယ်။ ဒီနေ့မှာတော့ ကားချစ်သူ ညိုကီ တို့အတွက် အရှိန်အဟုန်ဖြင့် ပြောင်းလဲတိုးတက်လာနေသော ကားနည်းပညာများ ကို ဝေမျှသွားမှာ ဖြစ်ပါတယ်။

Advanced Driver Assistance Systems

Photo : Odegarrd Miller Injury Lawyers

အခု ပထမဆုံးဖော်ပြပေးချင်တာကတော့ Advanced Driver Assistance Systems (ADAS) လို့ခေါ်တဲ့ ယာဉ်မောင်းများအား အထောက်အကူပြုပေးနိုင်မယ့် ကားနည်းပညာ တစ်ခုဖြစ်ပါတယ်။ ၎င်းက ယာဉ်မောင်းများအား ယာဉ်မတော်တဆမှုများကို ရှောင်ရှားနိုင်ရန်အတွက် အရေးပေါ်သတိပေးချက်များနဲ့ အကူအညီများပေးခြင်း တို့ကိုလုပ်ဆောင်ပါတယ်။ ယာဉ်မောင်းများအား ကားရဲ့ အမြန်နှုန်းနဲ့ ပတ်သက်သော အချက်အလက်များကို ပံ့ပိုးပေးရန်အတွက်လည်း အသုံးပြုနိုင်ပါတယ်။ ADAS မှာ မျက်ကွယ်နေရာများကို ထောက်လှမ်းခြင်း (Blind Spot Detection) နဲ့ အလိုအလျောက် Parking ထိုးခြင်း ကဲ့သို့သော အင်္ဂါရပ်များလည်း ပါဝင်ပါတယ်။

Automatic Emergency Braking

Photo : Cars Guide

Automatic Emergency Braking (ABE) ကတော့ ယာဉ်တိုက်မှု ဖြစ်နိုင်ချေကို ထောက်လှမ်းသိရှိနိုင်ပြီး ယာဉ်တိုက်မှုကို ကာကွယ်ရန် သို့မဟုတ် လျှော့ချရန်အတွက် ဘရိတ်များကို အလိုအလျောက်အသုံးပြုပေးသည့် ဘေးကင်းလုံခြုံရေး စနစ်တစ်ခုဖြစ်ပါတယ်။ ဒီမော်တော်ကားနည်းပညာ ADAS မှ ဆင်းသက်လာပြီး ရှေ့သွားလမ်းကို စောင့်ကြည့်ရန် အာရုံခံကိရိယာများနှင့် ကင်မရာများကို ပေါင်းစပ်အသုံးပြုထားပါတယ်။ မိမိကားရဲ့ ရှေ့တွင်ရှိသော အခြားယာဉ်များ၊ လမ်းသွားလမ်းလာများ သို့မဟုတ် စက်ဘီးစီးသူများ စတာတွေကို သိရှိနိုင်ရန်အတွက်လည်း ABE ကို အသုံးပြုနိုင်ပါတယ်။ AEB ကတော့ ယာဉ်မောင်းများအား ပြည့်စုံသော ဘေးကင်းရေးစနစ်ဖြင့် ပံ့ပိုးပေးရန်အတွက် အခြားသော အခြားဘေးကင်း လုံခြုံရေးအင်္ဂါရပ်များနဲ့ ပေါင်းစပ်အသုံးပြုနိုင်ပါတယ်။ အရေးပေါ် အခြေအနေများအတွက် အမှန်ပင် အသုံးဝင်မယ့် နည်းပညာ တစ်ခုပါပဲ။

360-Degree Cameras

Photo : Carsales

ယာဉ်မောင်းသူများအတွက် တော်တော်လေးကို အထာက်အကူပြုတဲ့ အရာကတော့ 360-Degree Cameras တ္ပေပဲ ဖြစ်ပါတယ်။ 360 ဒီဂရီ ကင်မရာများက ယာဉ်မောင်းသူများအား ပတ်ဝန်းကျင်ကို ကြည့်ရှုသည့်ပုံစံကို ပြောင်းလဲပေးနိုင်ပါတယ်။ ဒီကင်မရာများက ပုံမှန်အားဖြင့် မြင်နိုင်ရန် ခက်ခဲသောနေရာများ အပါအဝင် ယာဉ်မောင်းသူများအား ၎င်းတို့ရဲ့ ပတ်ဝန်းကျင်ကို အပြည့်အဝကြည့်ရှုနိုင်ရန် မှန်ဘီလူးများစွာကို အသုံးပြုထားပါတယ်။ ၎င်းက ယာဉ်မောင်းများအား မိမိယာဉ်ကို ဘက်ပေါင်းစုံမှ မြင်နိုင်ပြီး ကားပါကင်ထိုးရာတွင်လည်းကောင်း၊ ကျဉ်းကျပ်သောနေရာများကို သွားလာရာတွင်လည်းကောင်း အမှန်တကယ်ပင် အကျိုးပြုပါတယ်။

Artificial Intelligence

Photo : Analytics Insight

ယနေ့ခေတ်မှာ Artificial Intelligence တစ်နည်းအားဖြင့် AI လို့ခေါ်ကြတဲ့ ဉာဏ်ရည်တု ဟာ တစ်နေ့ထက်တစ်နေ့ လျင်မြန်စွာ ပြောင်းလဲတိုးတက်လာပြီး နေရာပေါင်းစုံမှာ အသုံးပြုလာကြပါတယ်။ ထိုအထဲမှာ မော်တော်ကားများလည်း အပါအဝင် ဖြစ်ပါတယ်။ Artificial Intelligence ကို ယာဉ်စွမ်းဆောင်ရည် မြှင့်တင်ရန်၊ ဘေးကင်းမှု မြှင့်တင်ရန်နှင့် ပိုမို စိတ်ကြိုက် မောင်းနှင်မှု အတွေ့အကြုံကို ပေးစွမ်းရန် အသုံးပြုနိုင်ပါတယ်။ ဥပမာအားဖြင့် AI သည် ဖြစ်နိုင်ချေရှိသော အန္တရာယ်များကို ခန့်မှန်းကာ ယာဉ်တိုက်မှုများကို ရှောင်ရှားခြင်းဖြင့် ဘေးကင်းမှုကို မြှင့်တင်ပေးနိုင်ပါတယ်။

Photo : Dubizzle

လမ်းသွားလမ်းလာများ၊ စက်ဘီးစီးသူများနှင့် အခြားယာဉ်များကို သိရှိရန် AI ကို အသုံးပြုကာ မတော်တဆမှုများကို မည်သို့ရှောင်ရှားရမည်ကို ဆုံးဖြတ်ချက်များ ချမှတ်နိုင်ပါတယ်။ AI ကို ယာဉ်စွမ်းဆောင်ရည် ပိုကောင်းအောင်၊ ဆီစားသက်သာမှု၊ ကိုင်တွယ်မှုနှင့် အရှိန်မြှင့်တင်ရန်အတွက်လည်း အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် တေးဂီတနှင့် အလင်းအမှောင်များကို ယာဉ်မောင်းရဲ့ စိတ်ကြိုက် ရွေးချယ်မှုများကဲ့သို့သော ဆက်တင်များကို ချိန်ညှိရန် AI ကို အသုံးပြုနိုင်ပါတယ်။ AI သည် ယာဉ်ကြောအသွားအလာပုံစံများ၊ လမ်းအခြေအနေနှင့် ရာသီဥတုကို ထည့်သွင်းစဉ်းစားကာ အဆင့်မြင့်လမ်းပြနိုင်မှု စွမ်းရည်များကိုလည်း ပံ့ပိုးပေးနိုင်ပါတယ်။

ကားချစ်သူ ညိုကီ တို့ရေ ကားနဲ့ ပတ်သတ်တဲ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကတော့ တကယ်ကို အံ့မခန်းဖြစ်ပြီး စိတ်ဝင်စားအတိပဲ မဟုတ်ပါလား။ ဒါတွေတင်မကသေးဘဲ ပြောင်းလဲတိုးတက်လာတဲ့ အံ့သြမှင်သက်ဖွယ် အဆင်မြင့် ကားနည်းပညာတွေ အများကြီး ရှိပါသေးတယ်။ ဆက်လက်ပြီးတော့လည်း နည်းပညာနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေ၊ စိတ်ဝင်စားဖွယ် ဗဟုသုတတွေကို ဝေမျှပေးဦးမှာ ဖြစ်တာကြောင့် ‌စောင့်မျှော်ဖတ်ရှုပေးပါဦးခင်ဗျာ။

Source : Cars 24

Featured Photo : Frost