မန်ချက်စတာ ယူနိုက်တက်ရဲ့ legend ကစားသမားဟောင်းကြီး ဝိန်း ရွန်နီရဲ့ သားကြီး သြရသဖြစ်သူ ကိုင်ရွန်နီ ဟာ ဖခင် ဝိန်းလို မန်ချက်စတာဒါဘီ ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပြီး နိုင်ပွဲကိုပါ ဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit : The Sun

လူငယ် ကစားသမားလေးတွေအတွက် ကျင်းပပြုလုပ်နေတဲ့ U13 National Cup North ပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲအဖြစ် ယူနိုက်တက်နဲ့ စီးတီးတို့ မန်ချက်စတာဒါဘီ ဖိုင်နယ်ပွဲစဉ်အတွင်းမှာ ကိုင်က သူရဲ့အသင်းဖော် ဂျေဂျေဂါဘရီရယ်နဲ့အတူ တစ်ဂိုးစီ သွင်းယူရင်း ယူနိုက်တက်က စီးတီးကို (2-0)နဲ့ အနိုင်ရပြီး မြောက်ပိုင်း ပြိုင်ပွဲဘက်မှာ ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ကိုင်ရွန်နီ ရဲ့ ယူနိုက်တက် လူငယ်အသင်းဟာ U13 National Cup ဖိုင်နယ်မှာ အာဆင်နယ် လူငယ်အသင်းနဲ့ ဆက်လက် ရင်ဆိုင်သွားရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : talkSPORT

ဖခင် ဝိန်းရွန်နီရဲ့ ခြေရာနင်းနိုင်မယ့် ကစားသမားလေးလို့ တင်စား ခေါ်ဆိုခံနေရတဲ့ ကိုင်ဟာ ၂၀၂၀ခုနှစ်မှာပဲ ယူနိုက်တက် လူငယ် အကယ်ဒမီကို စတင် ရောက်ရှိလာခဲ့တာဖြစ်ပြီး ယူနိုက်တက် ယူ-၁၂အသင်းအတွက် ပါဝင်ကစားခဲ့စဉ်တုန်းကလည်း သွင်းဂိုး စုစုပေါင်း (၅၆)ဂိုးအထိ သွင်းယူနိုင်ခဲ့သလို (၂၈)ဂိုးအထိပါ ဖန်တီးပေးနိုင်ခဲ့တဲ့အထိ အတော်လေးကို တောက်ပနိုင်ခဲ့ပါတယ်။

Photo Credit : talkSPORT

အခုလည်း ယူနိုက်တက် ယူ-၁၃အသင်းမှာ ခြေစွာလာခဲ့ပြန်တာကြောင့် တချိန်ချိန်မှာ မန်ယူနိုက်တက် စီနီယာအသင်းကြီးထိပါ ကစားခွင့် ရလာဦးမလားဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။ သူရဲ့ဖခင်ကြီး ဝိန်းရွန်နီကတော့ ယူနိုက်တက်မှာ နှစ်ပေါင်းများစွာ ပါဝင်ကစားထားခဲ့တဲ့ legend player တစ်ဦးလည်းဖြစ်ပြီး အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်နဲ့လည်း ရပ်တည်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းမှာ နည်းပြအဖြစ် ဆောင်ရွက်နေပြီး သားဖြစ်သူ ကိုင်ရဲ့ အောင်မြင်မှုတွေအပေါ် ဂုဏ်ယူမဆုံး ဖြစ်နေကြောင်းကိုပါ အင်စတာဂရမ်ကနေ ဖော်ပြထားခဲ့ပါတယ်။

Featured Photo : Goal