မနေ့က မနက်အစောပိုင်း ကိုပါအမေရိက ကွာတားဖိုင်နယ် နောက်ဆုံးပွဲအဖြစ် တောင်အမေရိကရဲ့ အင်အားကြီး အသင်းနှစ်သင်းဖြစ်တဲ့ ဘရာဇီးလ်နဲ့ ဥရုဂွေးတို့ အကြိတ်အနယ် ယှဉ်ပြိုင်သွားခဲ့ကြပြီး သာမန်ပွဲချိန်အတွင်းမှာ ဂိုးမသွင်းနိုင်ခဲ့ကြလို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူကြရာ ပင်နယ်တီမှာတော့ ဘရာဇီးလ် ဘက်က မီလီတာအိုနဲ့ ဒေါက်ဂလပ် လူးဝစ်ဇ်တို့ ဂိုးမဝင်ကြရင်း ပြိုင်ပွဲကနေ ထွက်ခွာလိုက်ရပါတယ်။

Photo Credit: Eagles Journal

ဘရာဇီးလ် ဟာ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲမှာ ကိုလံဘီယာ ကော်စတာရီကာ ပါရာဂွေးတို့အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ရင်း အုပ်စုအဖွင့်ပွဲမှာ ကော်စတာရီကာကို ဂိုးမရှိသရေ ကိုလံဘီယာနဲ့ပွဲမှာလည်း တစ်ဂိုးစီသရေသာ ကစားနိုင်ခဲ့ပြီး ပါရာဂွေး တစ်သင်းတည်းကိုသာ (4-1) နဲ့ ဂိုးအပြတ်အသတ် အနိုင်ယူခဲ့ပါတယ်။ နေမာ ပါဝင်နိုင်ခြင်း မရှိတဲ့ ဘရာဇီးလ်က အားနည်းချက်တွေ ရှိခဲ့ရပြီး ဗင်နီစီယပ်စ် ရိုဒရီဂို ရာဖင်ဟာတို့ တိုက်စစ်ပိုင်းကလည်း ပါရာဂွေး တစ်ပွဲတည်းမှာသာ အလုပ်ဖြစ်ခဲ့ရပါတယ်။

Photo Credit: Goal

ဒါကြောင့်လည်း ဘရာဇီးလ် legend ကြီး ရော်နယ်လ်ဒင်ဟိုက ကိုပါပြိုင်ပွဲ မတိုင်ခင်မှာ ဘရာဇီးလ်ကို အားပေးသွားမှာ မဟုတ်ဘူးလို့ ခပ်ပြောင်ပြောင်ပဲ ပြောခဲ့ပါသေးတယ်။ လက်ရှိ ဘရာဇီးလ်ကစားသမားတွေက ဟိတ်ဟန်တွေ များနေတက်ပြီးတော့ ကလပ်အသင်းတွေမှာ ကစားတုန်းက ပြသခဲ့တဲ့ ခြေစွမ်းပိုင်းတွေကို လက်ရွေးစင်အသင်းအတွက် ပြသနိုင်ဖို့ ရုန်းကန်နေရပါတယ်။ နောက်ပြီး နည်းပြကလည်း ထိပ်တန်းနည်းပြမျိုး ဖြစ်မနေတာကလည်း ဘရာဇီးလ်တို့ ကျရှုံးမှုမှာ အဓိက အချက်တစ်ခု ဖြစ်နေပါလိမ့်မယ်။

Photo Credit: The Independent Uganda

အခုတော့ ဘရာဇီးလ်က လာမယ့် ၂၀၂၆ အမေရိကန် ကနေဒါနဲ့ မက္ကဆီကိုတို့မှာ ပူးတွဲကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ကိုပဲ ပြင်ဆင်သွားရပါတော့မယ်။ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ခဲ့ရတာက ဘရာဇီးလ်ဟာ အမေရိကန်မှာ ကျင်းပခဲ့တဲ့ ကိုပါအမေရိက ပြိုင်ပွဲ (၂)ကြိမ်လုံး စောစောစီးစီး အဆင့်တွေကနေ ပြိုင်ပွဲက ထွက်ခွာထားခဲ့ရပြီး ၂၀၁၆တုန်းက အမေရိကန်မှာ ကျင်းပစဉ်တုန်းကလည်း ဘရာဇီးလ်ဟာ အုပ်စုအဆင့်နဲ့သာ လှည့်ပြန်ခဲ့ရပါသေးတယ်။ ဒီလို မြောက်အမေရိကတိုက် ကျင်းပတဲ့ ပြိုင်ပွဲတွေထဲ အခြေအနေမကောင်းတက်တဲ့ ဘရာဇီးလ် တို့ အမေရိကန် ကနေဒါ မက္ကဆီကိုတို့မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာရော ဘယ်လို အခြေအနေအထိ ရောက်အောင် လုပ်ပြနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေရပါတယ်။

Featured Photo: NBS Sport