မန်ယူနိုက်တက်အသင်းက မနေ့ညကပဲ ခရစ္စတယ် ပဲလေ့စ်အသင်းနဲ့ ခါရာဘောင်း လိဂ်ဖလား တတိယအဆင့်ပွဲစဥ်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဆင်နွဲခဲ့ရာ ဂနာချို ကက်စီမဲရိုး မာရှယ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ပဲလေ့စ်ကို (၃)ဂိုးပြတ်နဲ့ အနိုင်ရခဲ့ရရင်း နောက်တစ်ဆင့်ကို သာသာယာယာလေးနဲ့ တက်လှမ်းသွားခဲ့ရပါတယ်။

Photo Credit : Manchester United Facebook

တကယ်တော့ ပဲလေ့စ်ဆိုတာ မန်ယူနဲ့ ဆုံတိုင်းမှာ အမြဲဒုက္ခပေးတက်သလို နိုင်ရင်တောင်မှ ဂိုးပြတ်ရလဒ်မျိုးနဲ့ အနိုင်ရဖို့က ခက်ခဲပါတယ်။ ဒီပွဲမှာ မန်ယူက အသင်းခေါင်းဆောင် ဖာနန်ဒက်စ် အပါအဝင် ရပ်ရှ်ဖို့ဒ် ရယ်ဂီလွန်တို့ကို အနားပေးခဲ့ပြီး အမ်မရာဘတ် နဲ့ ဒဏ်ရာက သက်သာလာတဲ့ မေဆန်မောင့်တို့ကို ပွဲအစကတည်းက သုံးခဲ့ကာ အသင်းမှာ ကစားခွင့် သိပ်မရတဲ့ မာရှယ် မက်ဂွိုင်းယားတို့ကိုလည်း အသုံးပြုသွားခဲ့ပါတယ်။ ဒီပွဲက မန်ယူ ပရိသတ်တွေအတွက် ရလဒ်ရော ကစားပုံပိုင်းမှာပါ စိတ်ကျေနပ်စရာ ဖြစ်စေခဲ့ရပါတယ်။

Photo Credit : Manchester United Facebook

အဓိကတော့ မန်ယူရဲ့ ဒီပွဲစဥ်ရဲ့ပထမပိုင်း ကစားပုံက ထူးထူးခြားခြား ကောင်းမွန်လို့နေခဲ့ပြီး အမ်မရာဘတ်ကလည်း သူရဲ့ပထမဦးဆုံး အိုးထရက်ဖိုဒ့်မှာ ကစားရတဲ့ ပွဲမှာ အတော်လေး ခြေစွမ်းပြခဲ့လို့ ကက်စီမဲရိုးပါ ခြေပေါ်ခဲ့ရပါတယ်။ ဒဏ်ရာကနေ သက်သာလာတဲ့ မောင့်ရဲ့ passes တွေကလည်း အလုပ်ဖြစ်ခဲ့ပါသေးတယ်။ ပထမဂိုးမှာ ဂနာချိုရဲ့ အဆုံးသတ် ကောင်းမွန်မှု ဒုတိယဂိုးမှာ ကက်စီမဲရိုးရဲ့ heading အလွန်ကောင်းမှု တတိယဂိုးမှာလည်း ကက်စီရဲ့ ဂိုးဖန်တီးပုံ သေသပ်လွန်းမှုတွေနဲ့ အပြတ်အသတ်ကို နိုင်ပွဲရခဲ့ပါတယ်။

Photo Credit : Manchester United Facebook

ဒီပွဲမှာ တန်ဟက်ဂ်က ဂိုးပေါက်မှာ ဘယင်ဒါကို ပြောင်းလဲ အသုံးမပြုပဲ အိုနာနာကိုပဲ နေရာဆက်ပေးတာက သူ့အပေါ် ယုံကြည်မှု ဆက်ပေးထားတဲ့ သဘောကို သက်ရောက်နိုင်ပါတယ်။ လာမယ့် weekend မှာလည်း ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ်ပွဲကို ထပ်ပြီး ဆင်နွဲရဦးမှာမို့ အသင်းအတွက် အရေးကြီးတဲ့ ကစားသမားတွေကို အနားပေးခဲ့ပြီး မမြင်တာကြာနေပြီဖြစ်တဲ့ ဗန်ဒီဘိခ် ၊ လူငယ် ကစားသမားလေး ဒန်ဂေါတို့ကို ကစားခွင့် ပေးခဲ့တာကလည်း မှန်ကန်ခဲ့ပါတယ်။ တစ်ပွဲလုံး ခြံငုံကြည့်မယ်ဆိုရင်တော့ ဒီပွဲက ဒီရာသီ မန်ယူရဲ့ အကောင်းဆုံးသော ပွဲစဥ်တစ်ပွဲ ဖြစ်လာခဲ့ရပါတယ်။

Featured Photo : Manchester United Facebook