ကွန်ဒုံး တစ်ခုတည်းသုံးရင် ကိုယ်ဝန်မရဖို့ ၁၀၀ ရာခိုင်နှုန်း စိတ်မချရပါဘူး။ သောက်ဆေးအပါအဝင် အခြားသော သန္ဓေတားနည်း တစ်ခုခုနဲ့ တွဲသုံးမှသာ ပိုပြီး လုံခြုံစိတ်ချမှု ရှိစေမှာပါ။ ဒီဆောင်းပါးမှာတော့ ချစ်တင်းနှော ချိန်မှာ ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်အန္တရာယ်ကို တားဆီးကာကွယ်နိုင်ဖို့ ကွိုင် နဲ့အတူ တွဲသုံးသင့်တဲ့ ထိရောက်မှုအရှိဆုံး သန္ဓေတားနည်းတွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) လက်မောင်းထဲ ထည့်သွင်းရတဲ့ သန္ဓေတားပစ္စည်း – Implants

Photo : The Lowdown

Implants ဆိုတာကတော့ သွားကြားထိုးတံ အရွယ်အစား သေးငယ်တဲ့ သန္ဓေတားပစ္စည်း တစ်ခုဖြစ်ပြီး လက်မောင်းထဲ ထည့်သွင်းရတာ ဖြစ်ပါတယ်။ Implants နည်းနဲ့ သန္ဓေတားတာဟာ ၉၉.၉၅ ရာခိုင်နှုန်းအထိ ထိရောက်မှု ရှိပါတယ်။

(၂) သားအိမ်အတွင်းထည့်သွင်းရတဲ့ သန္ဓေတားပစ္စည်း – IUD

Photo : Open Access Government

IUD ကိုတော့ သားအိမ်အတွင်း ထည့်သွင်းရတဲ့ သန္ဓေတားပစ္စည်းလို့ သိကြပါတယ်။ အရွယ်အစား သေးငယ်ပြီး ငါးမြှားချိတ်လို ပုံသဏ္ဍာန်လေး ရှိပါတယ်။ ကာလရှည် သားဆက်ခြားချင်သူတွေ ရွေးချယ်သင့်တဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး ထိရောက်မှုကတော့ ၉၉.၉၂ ရာခိုင်နှုန်း ကနေ ၉၉.၉၈ ရာခိုင်နှုန်းအထိ ရှိပါတယ်။ ‌

(၃) သားကြောဖြတ်နည်း – Sterilization

Photo : IndiaMART

Sterilization လို့ခေါ်တဲ့ သားကြောဖြတ်နည်းကတော့ တစ်သက်စာ သားဆက်ခြားတဲ့ နည်းလမ်းဖြစ်ပါတယ်။ အမျိုးသမီးတွေရော အမျိုးသားတွေပါ သားကြောဖြတ်လို့ ရပါတယ်။ သားကြောဖြတ်တဲ့ နည်းက ၉၉.၉၅ ရာခိုင်နှုန်း ကနေ ၉၉.၈၅ ရာခိုင်နှုန်းအထိ စိတ်ချမှု ရှိပါတယ်။ သားကြောဖြတ်ထားတယ် ဆိုရင်တောင် လိင်မှတဆင့် ကူးစက်တဲ့ ရောဂါတွေကို ရှောင်ရှားဖို့ ကွိုင် သုံးဖို့ လိုပါတယ်။

(၄) ခန္ဓာကိုယ်ထဲ ထိုးသွင်းရတဲ့ ဟော်မုန်း သန္ဓေတားဆေး – Birth Control Injection

Photo : The Independent

၃ လခံ ထိုးဆေးလို့ ခေါ်ကြပါတယ်။ Birth Control Injection နည်းလမ်းက ခန္ဓာကိုယ်ထဲ ထိုးသွင်းရတဲ့ ဟော်မုန်း သန္ဓေတားဆေးတစ်မျိုး ဖြစ်ပြီး ၃ လတစ်ကြိမ် ထိုးရပါတယ်။ ဒီနည်းက ၉၄ ရာခိုင်နှုန်း ထိရောက်မှု ရှိစေပါတယ်။

(၅) သောက်သုံးရတဲ့ သန္ဓေတားဆေး – Birth Control Pill

Photo : Verywell Health

Birth Control Pill ကတော့ တစ်ရက်ချင်း သောက်ရတဲ့ ဟော်မုန်း သန္ဓေတားဆေး ဖြစ်ပါတယ်။ နေ့တိုင်း မမေ့မလျော့ သောက်ရတဲ့ အားနည်းချက်တော့ ရှိပါတယ်။ ကွိုင် နဲ့အတူသောက်ဆေးပါ တွဲပြီးသုံးမယ်ဆိုရင် ၉၁ ရာခိုင်နှုန်း ထိရောက်မှု ရှိနိုင်ပါတယ်။

Source : Durex USA

Featured Photo : Walnut Hill OBGYN