အခုနောက်ပိုင်း လက်ပ်တော့တစ်လုံဈေးက မသေးပါဘူး။ လက်ပ်တော့တစ်လုံးပျက်လို့ ပြင်ရမယ်ဆိုရင်စရိတ်ကလည်း နည်းတာမဟုတ်ပါဘူး။ လက်ပ်တော့မှာ အဖြစ်များတဲ့ ပြဿနာတွေထဲကတစ်ခုက ဘက်ထရီအားမခံတော့တာပဲဖြစ်ပါတယ်။ များသောအားဖြင့် လက်ပ်တော့ဘက်ထရီ အားမနေအောင် လုပ်နေမိတာ သုံးစွဲသူကိုယ်တိုင်ပဲ ဖြစ်တတ်ပါတယ်။ ဒါကြောင့် လက်ပ်တော့ တစ်ခုရဲ့ သက်တမ်းကို ထိခိုက်အောင် လုပ်နေမိတဲ့ အမှားတွေကို ရှောင်ကြဉ်ဖို့ မျှဝေပေးလိုက်ပါတယ်။

(၁) Laptop လေထွက်ပေါက်တွေ ပိတ်နေခြင်း

Photo: Unsplash

Laptop ကို ပေါင်တို့ စောင်ခေါင်းအုံးတို့ပေါ်မှာ တင်သုံးတာက စက်ရဲ့ သက်တမ်းကို ထိခိုက်စေနိုင်ပါတယ်။ Laptop ရဲ့ အောက်ဘက်မှာ လေဝင်လေထွက်လုပ်ပြီး Processor ကို အပူမလွန်အောင် ထိန်းညှိပေးတဲ့ Fan ပန်ကာလေး ရှိပါတယ်။ ပေါင်တို့ စောင်တို့ပေါ်မှာ ကွန်ပျူတာကို တင်သုံးချိန်မှာ Laptop ပန်ကာထဲက လေထွက်ဖို့ အခက်အခဲရှိလာပြီး Processor ပူလာရာကနေ စက်အပူလွန်ကဲတာ ၊ လေထွက်ပေါက်တွေ ပိတ်ဆို့တာတွေ ဖြစ်လာနိုင်ပါတယ်။ မလိုအပ်ဘဲ အလုပ်ပိုလုပ်ရတဲ့ Processor ကြောင့် စက်ဘက်ထရီ ထိခိုက်လာရာကနေ ဘက်ထရီအား ကျလာနိုင်ပါတယ်။

(၂) မပိတ်ဘဲ သုံးခြင်း

Photo: Unsplash

Laptop ကို Shut Down မချဘဲ တစ်ညလုံး ဖွင့်ထားတာကလည်း စက်ဘက်ထရီ ထိခိုက်နိုင်ပါတယ်။ ကွန်ပျူတာဟာ တစ်ပတ်ကို အနည်းဆုံး တစ်ကြိမ်လောက်တော့ Shut Down လုပ်ပေးဖို့ လိုပါတယ်။ ဒီထက်မကလည်း လုပ်နိုင်ရင် ပိုကောင်းပါတယ်။ နောက်တစ်ချက်က Restart လုပ်သင့်တဲ့အချိန်တွေလည်း ရှိပါတယ်။ အဲ့လို မဟုတ်ဘဲ စက်ကို မပိတ်တမ်း သုံးနေတာ ၊ ပါဝါကြိုးမဖြုတ်တမ်း အားသွင်းထားတာက ဘက်ထရီထိဖို့ အလားအလာ များလာပါတယ်။

(၃) Tabs အများကြီး ဖွင့်သုံးခြင်း

Photo: Unsplash

Browsing လုပ်ချိန်မှာ Tabs တွေ အများကြီး တစ်ပြိုင်တည်းဖွင့်ထားတာမျိုးကလည်း Processor ကို အလုပ်ပို ခိုင်းသလို ဖြစ်စေပြီး အပူပိုစွန့်ထုတ်ရာကနေ ဘက်ထရီသက်တမ်း ထိနိုင်ပါတယ်။ ကွန်ပျူတာဖွင့်ချိန်မှာ ပရိုဂရမ်တွေ အများကြီး Launch လုပ်တာကလည်း ကွန်ပျူတာရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါတယ်။ Windows မှာဆိုရင် Ctrl+Shift+Esc နှိပ် Task Manager ခေါ်ပြီး Startup ကနေ ကိုယ်အသုံးနည်းတဲ့ ပရိုဂရမ်တွေကို Disable ပေးထားနိုင်ပါတယ်။

(၄) Surge Protector မသုံးခြင်း

Photo: Unsplash

မိုးကြိုးပစ်နေချိန်မျိုးမှာ အီလက်ထရွန်းနစ်ပစ္စည်းတွေ ပလပ်ပေါက်က ဖြုတ်ထားဖို့ ပြောတာ ကြားဖူးကြမှာပါ။ အဓိကကတော့ ပလပ်တပ်ထားရင် အိမ်အနီးအနား မိုးကြိုးပစ်သွားရင် လျှပ်စစ်စီးကူးပြီး မီးလောင်နိုင်လို့ ဖြစ်ပါတယ်။ လက်ပ်တော့ကို Unplug လုပ်ဖို့ မေ့တတ်သူတွေအတွက်တော့ Power Surge တစ်ခု သုံးသင့်ပါတယ်။ လျှပ်စီးတွေ အပိုစီးကူးမှုမဖြစ်အောင် ဒီပစ္စည်းလေးက ထိန်းညှိပေးနိုင်လို့ ဖြစ်ပါတယ်။

(၅) သံသယရှိတဲ့ Links တွေ ဝင်ကြည့်မိခြင်း

Photo: Unsplash

Laptop ပဲဖြစ်ဖြစ် စမတ်ဖုန်းပဲ ဖြစ်ဖြစ် သုံးတော့မယ်ဆိုရင် ဆိုက်ဘာလုံခြုံရေးအသိရှိဖို့ လိုပါတယ်။ လူမှုကွန်ရက်ပေါ်က လင့်ခ်တစ်ခုကို မဆန်းစစ်ဘဲ ဝင်မိရာကနေ ကိုယ့်ကွန်ပျူတာထဲက အချက်အလက်တွေ နှိုက်ယူသွားနိုင်တဲ့ Malware တစ်မျိုးကို ဒေါင်းလုပ်လုပ်မိတာမျိုး ဖြစ်နိုင်ပါတယ်။ အခုနောက်ပိုင်းမှာ Ransomware လို ကွန်ပျူတာကို သုံးမရအောင် ထိန်းချုပ်ထားပြီး ငွေညှစ်တဲ့ တိုက်ခိုက်မှုတွေရဲ့ အန္တရာယ်ကိုလည်း ထည့်တွက်ဖို့ လိုပါတယ်။

Featured Photo: Unsplash