ရီးယဲလ် မက်ဒရစ်အသင်းဟာ စပိန်ဘောလုံးလောကမှာသာမကပဲ ဥရောပ ဘောလုံးရပ်ဝန်းမှာပါ အောင်မြင်မှုတွေကို အမြောက်အများ ရယူနိုင်ခဲ့တဲ့ ကလပ်အသင်းကြီး ဖြစ်သလို ဥရောပဘောလုံးရဲ့ အကျော်ကြားဆုံးသော ပြိုင်ပွဲကြီးဖြစ်တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲကြီးမှာလည်း သူတို့အသင်းရဲ့ အောင်မြင်မှုဟာ ဘယ်အသင်းကမှ လိုက်မမီနိုင်အောင်ကို အတော်လေး များပြားလွန်းလှပါတယ်။

Photo Credit: ESPN

၁၉၅၅ခုနှစ်ကနေ စတင်ပြီး ဥရောပဖလား နာမည်နဲ့ စတင် ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ရီးယဲလ်အသင်းက (၅)ရာသီဆက်တိုက် ချန်ပီယံ ဖြစ်ခဲ့ပြီး (၅)ရာသီအကြာမှာပဲ နောက်တစ်ကြိမ် ချန်ပီယံ ဖြစ်ခဲ့သလို ၁၉၉၂ခုနှစ်နောက်ပိုင်း ဥရောပဖလားပြိုင်ပွဲကနေ ချန်ပီယံလိဂ်ပြိုင်ပွဲလို့ နာမည်ပြောင်းလဲ ကျင်းပချိန်မှာလည်း ရီးယဲလ်က ၁၉၉၇-၉၈ ၊ ၁၉၉၉-၂၀ ၊ ၂၀၀၁-၀၂ ၊ ၂၀၁၃-၁၄ ၊ ၂၀၁၅-၁၆ ၊ ၂၀၁၆-၁၇ ၊ ၂၀၁၇-၁၈ ၊ ၂၀၂၁-၂၂ နဲ့ အခု ၂၀၂၃-၂၄ ဘောလုံးရာသီ (၉)ရာသီမှာအထိ ချန်ပီယံ ဖြစ်ခဲ့ရပါတယ်။

Photo Credit: Goal

ဒီလို ဥရောပရဲ့ အကြီးကျယ် အခမ်းနားဆုံး ပြိုင်ပွဲကြီးမှာ အမြဲတမ်းနီးပါး ချန်ပီယံ ဖြစ်နေရတဲ့ ရီးယဲလ်ဟာ သူတို့ရဲ့ ချန်ပီယံ အတွေ့အကြုံတွေ ဖြတ်သန်းမှုတွေကြောင့် ပြိုင်ဘက်အသင်းတိုင်းထက် အမြဲတမ်း ခေါင်းတစ်လုံးသာနေရပါတယ်။ တချို့နှစ်တွေမှာသာ ခြေချော်မှုတွေကြောင့် အောင်မြင်မှုနဲ့ လွဲခဲ့ရပေမယ့်လည်း ရီးယဲလ်ရဲ့ အရှိန်အဝါနဲ့ အတွေ့အကြုံတွေကတော့ ပြိုင်ဘက်အသင်းတိုင်းအတွက် ကြောက်ခမန်းလိလိ ဖြစ်နေဆဲပါပဲ။

Photo Credit: CNN

အခုဆိုရင်လည်း ဒီရာသီ ချန်ပီယံလိဂ်မှာ ထင်မှတ်မထားတာတွေ လုပ်ပြနေတဲ့ ဒေါ့မွန်နဲ့ ရင်ဆိုင်ရချိန် ဒေါ့မွန်က ပထမပိုင်းထဲ လုံးဝ အထင်ကြီးလောက်စရာ ကစားအားတွေပြပြီး နင်လားငါလား ကစားပြနိုင်ခဲ့ပေမယ့် အချိန်တန်တော့လည်း ချန်ပီယံလိဂ် သခင်ကြီး ရီးယဲလ်တို့က ဂိုးတွေ သွင်းယူပြီး (၁၅)ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ့ရပါတယ်။ ချန်ပီယံလိဂ်လို့ နာမည်ပြောင်းခေါ်ခဲ့ပြီးနောက်မှာ ရီးယဲလ်က ချန်ပီယံလိဂ် ဖိုင်နယ်ကို (၉)ကြိမ် တက်လှမ်းခဲ့ရင်း အဲ့ဒီ (၉)ကြိမ်လုံး ချန်ပီယံ ဖြစ်ထားခဲ့သလို အခု သူတို့ရဲ့ အောင်မြင်မှုဟာလည်း ဒုတိယနေရာက အေစီမီလန်တောင် ဘယ်လိုမှ မလိုက်နိုင်တော့မယ့် အောင်မြင်မှုမျိုးပါ ဖြစ်နေရပါတယ်။

Featured Photo: Fox News