ဆော်ဒီ ထိပ်သီးကလပ် အယ်လ် နာဆာ အသင်းကတော့ မနေ့ညက ယူအေအီးကလပ် ရှာဘတ် အယ်လ် အာလီ ဒူဘိုင်းအသင်းနဲ့ AFC ချန်ပီယံလိဂ်ပြိုင်ပွဲ ပလေးအော့အဆင့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရင်း တာလီစကာ ဘရိုဇိုဗစ်တို့ သွင်းဂိုးတွေနဲ့ အနိုင်ယူရင်း AFC ချန်ပီယံလိဂ်ပြိုင်ပွဲကို အုပ်စုအဆင့်ကနေ ဝင်ရောက် ဆင်နွဲသွားရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Al Nassr Twitter

အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒို ဦးဆောင်လာခဲ့တဲ့ အယ်လ် နာဆာအသင်းဟာ ဆာဒီယို မာနေး ၊ မာဆယ်လို ဘရိုဇိုဗစ် ၊ တာလီစကာတို့ကို ပွဲထွက် ကစားသမားတွေအဖြစ် အသုံးပြုလာခဲ့ပါတယ်။ ဒီရက်ပိုင်းထဲမှာ အပြောင်းအရွှေ့ ကောလဟာလတွေ ထွက်ပေါ်နေတဲ့ ဘရာဇီးလ် ကစားသမား တာလီစကာ ဒီပွဲမှာ အယ်လ် နာဆာအသင်းအတွက် သွင်းဂိုး (၂)ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ဘရိုဇိုဗစ်ကလည်း ရော်နယ်လ်ဒို ဖန်တီးမှုကနေ အယ်လ် နာဆာအတွက် နောက်ဆုံး ပွဲသိမ်းဂိုးကို သွင်းယူရင်း (4-2) နဲ့ နိုင်ပွဲရသွားခဲ့ပါတယ်။

Photo Credit : Al Nassr Twitter

ဒီနိုင်ပွဲကြောင့် အယ်လ် နာဆာအသင်းဟာ အယ်လ် ဟီလာ ၊ အယ်လ် အစ်တီဟတ် ၊ အယ်လ် ဖေဟာတို့လို ဆော်ဒီအသင်းတွေနဲ့အတူ AFC ချန်ပီယံလိဂ်ပြိုင်ပွဲကို ပါဝင်သွားရတော့မှာဖြစ်ပြီး မနက်ဖြန်မှာပဲ အုပ်စုအဆင့် မဲခွဲမှုတွေကို လုပ်ဆောင်သွားမှာမို့ ဘယ်အသင်းတွေနဲ့ တွေ့ဆုံသွားမလဲဆိုတာ စောင့်ကြည့်ရပါတော့မယ်။ အယ်လ် နာဆာကတော့ AFC ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အနောက်ပိုင်းဇုန် အုပ်စုထဲမှာ ကျရောက်နေတဲ့အတွက် ဆော်ဒီကလပ် အသင်းချင်းနဲ့ရော ယူအေအီး အီရန် အီရတ် ကလပ်အသင်းတွေနဲ့ပါ တစ်အုပ်စုတည်း ကျရောက်နိုင်ပါတယ်။

Photo Credit : Al Nassr Twitter

လက်ရှိ ဘောလုံးရာသီ ဆော်ဒီ ပရိုလိဂ်မှာ (၂)ပွဲဆက်တိုက် ရှုံးပွဲကြုံထားခဲ့ရပေမယ့်လည်း ခုလို အရေးကြီးတဲ့ ပွဲစဉ်အတွင်းမှာ နိုင်ပွဲရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အယ်လ် နာဆာ အသင်းဟာ လာမယ့် စက်တင်ဘာလ (၁၈)ရက်နေ့မှာ AFC ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပွဲတွေကို စတင် ကစားရတော့မှာပဲ ဖြစ်ပါတယ်။ အယ်လ် နာဆာအသင်းဟာ AFC ချန်ပီယံလိဂ်ပြိုင်ပွဲကို ၂၀၁၆ခုနှစ်က နောက်ဆုံးအနေနဲ့ ဆင်နွှဲခဲ့ရတာဖြစ်ပြီး ၂၀၁၉ခုနှစ်မှာတော့ ခုလို ပလေးအော့အဆင့်ကို ရောက်လာခဲ့ပေမယ့်လည်း ဥဇဘတ်ကစ္စတန်ကလပ်ကို အရေးနိမ့်ကာ AFC ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။

Featured Photo : Al Nassr Twitter