မော်ရစ်စီယို ပိုချက်တီနိုနဲ့ လက်တွဲဖြုတ်ပြီး သူ့နေရာမှာ အစားထိုး ခန့်အပ်လိုက်တဲ့ အန်ဇို မာရက်စ်ကာ ဟာ မနေ့မှာပဲ ချယ်လ်ဆီးအသင်းနဲ့အတူ ပထမဆုံး အင်တာဗျူး အစီအစဉ်ကို လုပ်ဆောင်ခဲ့ပါတယ်။ ပိုချက်တီနိုရဲ့နေရာမှာ ပိုချက်တီနိုလောက် ပုံရိပ်လည်းမရှိ အတွေ့အကြုံလည်းမရှိတဲ့ နည်းပြတစ်ဦးကို အစားထိုး ခန့်အပ်လိုက်တဲ့ ချယ်လ်ဆီးရဲ့ လုပ်ဆောင်မှုက အတော်လေး စွန့်စားရ ရှိနိုင်ပြီး မာရက်စ်ကာအတွက်လည်း စိန်ခေါ်မှုကြီး တစ်ခု ဖြစ်လာပါတော့မယ်။

Photo Credit: Chelsea Football Club

အသက် (၄၄)နှစ်သာ ရှိနေသေးတဲ့ အီတလီသား နည်းပြ မာရက်စ်ကာက မန်စီးတီးမှာ နည်းပြ ဂွာဒီယိုလာရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွှက်ခဲ့တယ်။ အဲ့ဒီမတိုင်ခင်က ပါးမားမှာ နည်းပြခဲ့တယ်။ မနှစ်ကတော့ လက်စတာနည်းပြအဖြစ် တာဝန်ယူခဲ့ရင်း လက်စတာကို ချန်ပီယံရှစ်မှာ အမှတ်ပေးဖလား ရယူပေးခဲ့ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲဆီကို ပြန်လည် ပို့ဆောင်ပေးခဲ့ပါတယ်။ မန်စီးတီး လူငယ်အသင်းကို ကိုင်တွယ်ခဲ့တုန်းကလည်း လူငယ် ပရီးမီးယားလိဂ်ဖလားကို ရယူပေးခဲ့ပါသေးတယ်။ ဒီလို လျှော့တွက်လို့ မရတဲ့ လုပ်ရည်ကိုင်ရည်တွေ အရည်အသွေးတွေကြောင့် သူ့ကို ချယ်လ်ဆီးက (၅)နှစ်+(၁)နှစ်စာချုပ်နဲ့ လက်စတာကနေ ရအောင် ခေါ်ယူခဲ့ပါတယ်။

Photo Credit: Chelsea Football Club

အခုတော့ မာရက်စ်ကာ က ချယ်လ်ဆီးအသင်းဆီကို တရားဝင် ရောက်ရှိလာခဲ့ပြီဖြစ်ပြီး အသင်းနဲ့ ပထမဆုံးအကြိမ် လုပ်ဆောင်ခဲ့တဲ့ အင်တာဗျူး အစီအစဉ်မှာလည်း သူ ဒီအသင်းကို ဘာကြောင့် ပြောင်းလာဖို့ ရွေးချယ်ခဲ့သလဲ ဘာတွေလုပ်ဆောင်သွားဖို့ စီစဉ်ထားသလဲ ဆိုတာတွေကို ပြောဆိုသွားခဲ့ပါတယ်။ မာရက်စ်ကာက သူ ချယ်လ်ဆီးကို ကိုင်တွယ်ချင်ရတဲ့ အကြောင်းအရင်းတွေထဲကမှ အဓိက အကြောင်းဆိုရင် ချယ်လ်ဆီးမှာက သိပ်ကိုကောင်းမွန်တဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်သလို ကစားသမားတွေကလည်း အရည်အသွေး မြင့်မားတဲ့ ကစားသမားတွေ ဖြစ်နေတာကြောင့်လို့ဆိုပြီး ပြောဆိုခဲ့ပါတယ်။

Photo Credit: Chelsea Football Club

နောက်ပြီး သူ အသင်းကို တာဝန်ယူနေချိန်မှာ ချယ်လ်ဆီးက ဘောလုံးကိုင်ထားချိန်မှာ ဘောလုံးမရှိချိန်မှာပါ aggressive ဆန်စွာ ကစားနိုင်တဲ့ အသင်းတစ်သင်း ဖြစ်လာအောင် တည်ဆောက်သွားမှာ ဖြစ်သလို အသင်း ပိုမို တိုးတက်လာစေဖို့အတွက် ကစားသမားတွေကို ဦးစားပေး မြှင့်တင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ နောက်ပြီး အသင်းရဲ့ (၁၂)ယောက်မြောက် ကစားသမားဖြစ်တဲ့ အသင်းပရိသတ်တွေအနေနဲ့လည်း သူတို့ရဲ့ လုပ်ဆောင်မှုတွေအပေါ် ယုံကြည်ပေးကြဖို့ပါ မာရက်စ်ကာက တိုက်တွန်းလိုက်ပါတယ်။ ကဲ နည်းပြတွေ ထပ်တလဲလဲ ပြောင်းလဲနေရတဲ့ ချယ်လ်ဆီးတို့ အခု မာရက်စ်ကာ လက်ထက်မှာရော ဘယ်လို အခြေအနေမျိုးထိ ကြုံတွေ့ရမလဲဆိုတာ စိတ်ဝင်တစားနဲ့ စောင့်ကြည့်သွားရပါတော့မယ်။

Featured Photo: Chelsea Football Club