ချယ်လ်ဆီးအသင်းက အသင်းအတွက် အရမ်း ခြေစွမ်းပြသနေတဲ့ ရွှေကိုလေး ကိုး ပါလ်မာကို ၂၀၃၃ခုနှစ်အထိ နှစ်ရှည် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုလိုက်တာက ထိုက်တန်မှု ရှိတယ်လို့ ခံစားခဲ့ရပေမယ့် နီကိုးလပ်စ် ဂျက်ဆင် လို ကစားသမားကိုပါ ပါလ်မာလို ၂၀၃၃ခုနှစ်အထိ သက်တမ်းတိုးလိုက်တာကတော့ ဘောလုံးပရိသတ်ကြားမှာတောင် မကပဲ ချယ်လ်ဆီး ပရိသတ်တွေကြားမှာတောင် ဇဝေဇဝါ ဖြစ်ခဲ့ရပါတယ်။

Photo Credit: The Mirror

တကယ်တော့ ဆီနီဂေါ တိုက်စစ်ကစားသမား နီကိုးလပ်စ် ဂျက်ဆင် က အခုမှ အသက် (၂၃)နှစ်သာ ရှိသေးတဲ့ အလားအလာကောင်းရှိသော ကစားသမားတစ်ဦးပါ။ မနှစ်ကမှ ဗီလာရီးယဲလ်ကနေ ချယ်လ်ဆီးအသင်းဆီ ရောက်လာခဲ့ပြီးတော့ အဲ့ဒီအချိန်ကတည်း ချယ်လ်ဆီးအသင်းဟာ ဂျက်ဆင်ကို (၈)နှစ်အထိတောင် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဂျက်ဆင်ဟာ သူရဲ့ ချယ်လ်ဆီး ကစားသမားဘဝ ပွဲဦးထွက် ရာသီမှာပဲ အသင်းအတွက် (၁၇)ဂိုးသွင်းပြီး (၆)ဂိုးဖန်တီးပေးနိုင်ခဲ့ပေမယ့် သူရဲ့ ပရီးမီးယားလိဂ် တာထွက် ရာသီမှာ အခွင့်အရေး လွဲချော်မှုတွေက (၂၄)ကြိမ်အထိတောင် ရှိခဲ့ပါတယ်။

Photo Credit: The Football Faithful

ချယ်လ်ဆီးဘက်က အသင်းတိုက်စစ်ပိုင်းအတွက် နီကိုးလပ်စ် ဂျက်ဆင်က အသင့်တော်ဆုံး ကစားသမားလို့ သိပ်ပြီး မယူဆထားတာကြောင့် နွေဈေးကွက်မှာ ဂျာအို ဖီးလစ် ၊ မာ့ခ် ဂီယူနဲ့ ဂျေဒန် ဆန်ချိုတို့ကို ခေါ်ယူခဲ့သလို ဗစ်တာ အိုဆီမန်ကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျက်ဆင်က ဆာဗက်နဲ့ ကစားခဲ့ရတဲ့ ကွန်းဖရန့်စ်လိဂ် ပလေးအော့ ပကျော့ပွဲစဉ် တစ်ပွဲတည်းကိုသာ မပါဝင်ခဲ့ရပဲ ကျန်တဲ့ပွဲတိုင်းကိုတော့ ပါဝင်ခဲ့ရသလို အခုဆိုရင်လည်း အသင်းဘက်ကနေ နောက်ထပ် (၂)နှစ်သက်တမ်း တိုးမြှင့်လိုက်တာကြောင့် ဂျက်ဆင် အနေနဲ့ ချယ်လ်ဆီးမှာ နောက်ထပ် (၉)နှစ်အထိတောင် ကျန်ရှိနေတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit: Chelsea Football Club

ဂျက်ဆင်က ဒီရာသီထဲမှာလည်း ချယ်လ်ဆီးအတွက် ပရီးမီးယားလိဂ် (၃)ပွဲကစား (၂)ဂိုးသွင်း (၁)ဂိုးဖန်တီးထားသလို ထုံးစံအတိုင်း အခွင့်အရေး လွဲချော်မှုဟာလည်း (၂)ကြိမ်အထိ ရှိခဲ့ပါသေးတယ်။ သေချာတာကတော့ ချယ်လ်ဆီး တိုက်စစ်ပိုင်းမှာ ကစားသမား အရေအတွက်က ဖောင်းပွနေပေမယ့် ဂျက်ဆင်က တခြားကစားသမားတွေ ထက်စာရင် ပွဲကစားခွင့် ပုံမှန် ရနေဦးမှာ ဖြစ်သလို အခုလို စာချုပ်သက်တမ်း တိုးလိုက်တာကလည်း ဂျက်ဆင်ရဲ့ ခြေစွမ်းပိုင်းအတွက် ပိုပြီး အကျိုးသက်ရောက်မှု ရှိလာနိုင်ပါတယ်။

Featured Photo: Chelsea Football Club