အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းလည်းဖြစ် ဗြိတိန် နာမည်ကျော် ဘောလုံး သုံးသပ်သူလည်းဖြစ်တဲ့ ပေါလ်မာဆန် ကတော့ ဒီနေ့ည တော့တင်ဟမ် ဟော့စပါးကွင်းမှာ ယှဉ်ပြိုင်သွားကြမယ့် စပါးအသင်း နဲ့ ချယ်လ်ဆီး အသင်းတို့ရဲ့ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အိမ်ရှင်စပါးကို ချယ်လ်ဆီးက အနိုင်ယူသွားလိမ့်မယ်လို့ ခန့်မှန်း ပြောဆိုလိုက်ပါတယ်။

Photo Credit : TEAMtalk

စပါးအသင်းဟာ ဒီရာသီမှာ အသင်းရဲ့ အဓိက ကစားသမား ဟယ်ရီကိန်းကို ဘိုင်ယန်မြူးနစ်အသင်းဆီ လက်လွတ်ထားခဲ့ရပေမယ့် အသင်းကို နည်းပြသစ် ပိုစတီကိုဂလူးက အကောင်းဆုံး ကိုင်တွယ်ထားနိုင်ခဲ့ပြီး လက်ရှိမှာလည်း စပါးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ရှုံးပွဲမရှိသေးတဲ့ တစ်သင်းတည်းသော ကလပ်အသင်းအဖြစ်နဲ့ပါ ရပ်တည်လျက် ရှိနေပါတယ်။

Photo Credit : Football London

စပါးနည်းပြဟောင်း ပိုချက်တီနိုကို နည်းပြသစ်အဖြစ် ခန့်အပ်ထားတဲ့ ချယ်လ်ဆီးအသင်းကတော့ အသင်းအတွင်း ကစားသမား အပြောင်းအလဲများစွာ လုပ်ဆောင်ထားပြီး ဒီရာသီမှာတော့ ပုံမှန်ခြေစွမ်း မရှိသေးပဲ တိုက်စစ်ပိုင်းက အဓိက ရုန်းကန်နေရသလို နိုင်ပွဲ (၃)ပွဲ သရေပွဲ (၃)ပွဲနဲ့ ရှုံးပွဲ (၄)ပွဲအထိ ရှိနေကာ အမှတ်ပေးဇယားမှာ အဆင့် (၁၃)ထိ ရပ်တည်နေရပါတယ်။

Photo Credit : Sportskeeda

လက်ရှိမှာတော့ စပါး နဲ့ ချယ်လ်ဆီးတို့ဟာ လန်ဒန်ဒါဘီပွဲစဉ်အဖြစ် ဆုံတွေ့နေကြပြီး ဒီပွဲစဉ်နဲ့ ပတ်သက်လို့ ပေါလ်မာဆန်က “စပါးက ချယ်လ်ဆီး အနိုင်ယူနိုင်လိမ့်မယ်လို့ ကျွန်တော် မမြင်မိပါဘူး။ ဒီရာသီမှာ ချယ်လ်ဆီးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အာဆင်နယ် လီဗာပူးလ်တို့ဟာလည်း သိပ်ပြီး လွယ်ကူခဲ့တာ မဟုတ်ပါဘူး။ စပါးကလည်း ပွဲအစကတည်းက အကြိတ်အနယ် ရေကုန်ရေခမ်း တိုက်စစ်ဆင် ကစားလာပါလိမ့်မယ်။ သူတို့သာ ဒီလို ဖိကစားမယ်ဆိုရင် ဒါက ချယ်လ်ဆီးအသင်းအတွက် အားသာချက် ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော် ထင်မိပါတယ်။ ကျွန်တော် စပါးအသင်းကို လျှော့တွက်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီပွဲမှာတော့ ချယ်လ်ဆီးအသင်းက အနိုင်ရသွားမယ်လို့ပဲ ထင်ပါတယ်။ စပါး ၁-၂ ချယ်လ်ဆီးပါ။” လို့ သုံးသပ် ခန့်မှန်းသွားခဲ့ပါတယ်။

Featured Photo : Sky Sports