ကွီးတို့ရေ ခရမ်းချဉ်သီးရဲ့ အရသာကို လူတွေ နှစ်သက်ကြပြီး ကျန်းမာရေးကိုလည်း အကျိုးပြုပါတယ်။ ခရမ်းချဉ်သီးပင်တွေဟာ စိုက်ပျိုးရတာလည်း လွယ်ပါတယ်။ တိုက်ခန်းတွေမှာနေတဲ့ ကွီးတို့ကို လွယ်လွယ်ကူကူ လုပ်လို့ရတဲ့ တွဲလောင်း ပလပ်စတစ်ပုံးနဲ့ ချိတ်ဆွဲထားလို့ရတဲ့ DIY ခရမ်းချဉ်သီး ပင်လေးစိုက်နည်းကို ပြောပြပေးပါမယ်။

Photo : The Supure

လိုအပ်သောပစ္စည်းနဲ့ ကရိယာများ

(၁) ပလပ်စတစ်ပုံးတစ်ခု

(၂) Measure Tape

(၃) ကေဘယ် (သို့) ဝိုင်ယာကြိုး ( ချိတ်ဆွဲဒါဏ်ခံနိုင်ရမည်)

(၄) မြေဆီလွှာ/ မြေဆွေး

(၅) ခရမ်းချဉ်ပင် ( အမြစ်များကောင်းသည့် သန်မာသည့်အပင်)

(၆) ချည်ထည်အဝတ်စ သို့မဟုတ် ပလပ်စတစ်အစ (ပုံးကိုအလှဆင်ရန်)

(၇) ဓါးထက်ထက် သို့မဟုတ် ကတ်ကြေး

ကဲ လိုအပ်တာတွေပြင်ဆင်ပြီးသွားပြီဆိုရင် ချိတ်ဆွဲထားလို့ရတဲ့ DIY ခရမ်းချဉ်သီး စိုက်ဖို့ အဆင်သင့်ဖြစ်ပါပြီ။

အဆင့် (၁)

Photo : The Spruce

ပထမဦးစွာ ပလပ်စတစ်ပုံးကို ဆေးကြောပြီး ပုလင်းအောက်ခြေကို သင့်တော်သော အဝိုင်းဖောက်လိုက်ပါ။ ပုံးကို ချိတ်ဆွဲဖို့ ဘေးဘက်မှာ တူညီသောအကွာအဝေးရှိသည့် အပေါက် (၂) ပေါက်ဖောက်ပါ။ ပုံးအောက်ခြေတွင် အပေါက်သေးသေး (၁၀) ပေါက်လုပ်ပါ။ ဤအပိုင်းက အပင်အတွက် ရေဓာတ်ကို ထိန်းသိမ်းရန် ရေကို ထိန်းထားမှာ ဖြစ်ပါတယ်။

အဆင့် (၂)

Photo : The Spruce

ပုံးကို အလှဆင် ရန် အဆင်သင့်ယူထားသော ချည်ထည်အဝတ်စ သို့မဟုတ် ပလပ်စတစ်ပုံးအစ နဲ့ပတ်ပါ။

အဆင့် (၃)

Photo : The Spruce

ခရမ်းချဉ်သီးပင်ကို ရွေးပါ။ စိုက်ရတာ ပိုမိုလွယ်ကူစေရန် အနည်းငယ်ကြီးသောအပင်ကို ရွေးပါ။ ပလပ်စတစ်ပုံး အပေါက်မှတဆင့် ညင်သာစွာ ပုံပါအတိုင်း ပုံးထဲထည့်ပါ။ အပင်ကို လည်ပင်းမှတဆင့် အရွက်များထွက်လာအောင် ပုံးထဲသို့ထည့်ပါ။ ပုံးကိုလှန်ပြီး မြေဆီလွှာဖြည့်ပါ။ ပုံးထဲ ထည့်တဲ့အခါ အပင်နာခြင်း မရှိအောင် ဂရုစိုက်ပါ။ အပင် အရွက်တွေအားလုံး ပုံးထိပ်ကနေ ထွက်နေအောင် ထည့်ပါ။ အပင် မထည့်ခင် ပုံးအတွင်းကို ပလစ်စတစ် ခံထားနိုင်ပါတယ်။

အဆင့် (၄)

Photo : The Spruce

ပုံးကိုလှန်ပြီး ခရမ်းချဉ်ပင် လိုအပ်တဲ့ အာဟာရပါတဲ့ မြေဆွေးဖြည့်ပါ။ ပုံးရဲ့ တဝက်ကျော် ထိ ဖြည့်ပါ။ ပုံးကို ပုံပါအတိုင်း ကြိုးဆိုင်းပြီး နေရောင်ရှိတဲ့နေရာမှာ ချိတ်ဆွဲပါ။ ချိတ်ဆွဲထားလို့ရတဲ့ DIY ခရမ်းချဉ်သီး ပင်လေး စိုက်ပြီးပါပြီ။

အဆင့် (၅)

Photo : Rual Sprout

နေ့စဉ် အပင်အခြေအနေကိုကြည့်ပြီး ရေလောင်းပါ။ ပိုးမကျအောင် ပိုးသတ်ဆေးဖြန်းပါ။ လိုအပ်ရင် မြေဩဇာ အရည် ထည့်ပေးပါ။ (၃) ပတ်မှာ အပင် ရှင်သန် အောင်မြင်ပါပြီ။

ဒါကတော့ နေရာကျဉ်းကျဉ်း သို့မဟုတ် ဝရံတာလိုနေရာတွေမှာ ကွီးတို့ အတွက် အလွယ်တကူ စိုက်လို့ရတဲ့ ချိတ်ဆွဲထားလို့ရတဲ့ DIY ခရမ်းချဉ်သီး အပင်လေးစိုက်ပျိုးနည်းပဲ ဖြစ်ပါတယ်။ လုပ်ရတာလွယ်ကူတဲ့ အပြင် အလှဆင်ရာလည်း ရောက်တဲ့ အိမ်တွင်းသီးပင်စားပင်လေးကို ဒီပိတ်ရက်မှာ အချိန်ရင်ကွီးတို့ လိုက်လုပ်ကြည့်ပါနော်။ ကွီးတို့စိတ်ကြိုက် ပလပ်စတစ်ပုံး ပုံစံမျိုးစုံ၊ ပန်အိုးမျိုးစုံ၊ အကြီးအသေး ကြိုက်ရာလုပ်လို့ရပါတယ်။

Source : The Spruce

Featured Photo : Thespruce