ချဲလ်ဆီး အသင်းနဲ့ သူတို့အသင်းရဲ့ နည်းပြဖြစ်သူ ဂရေဟမ် ပေါ်တာ တို့ ဧပြီ(၁)ရက်နေ့မှာပဲ လမ်းခွဲလိုက်ကြပြီဆိုပြီး သတင်းထွက်လာခဲ့မယ်ဆိုရင် ဒီသတင်းကို အားလုံးက April fool မှာ အရူးလုပ်တာလို့ပဲ သတ်မှတ်ကြမှာ သေချာပါတယ်။ အခုကတော့ ချဲလ်ဆီး နဲ့ ပေါ်တာ လမ်းခွဲလိုက်ရပြီဆိုတာ လုံးဝကို သေချာသွားခဲ့ရပြီပဲ ဖြစ်ပါတယ်။

Photo Credit : Twitter

ချဲလ်ဆီး အသင်းက ဒီရာသီမှာပဲ အသင်းနည်းပြ အပြောင်းအလဲကို (၂)ကြိမ်တိုင်တိုင် လုပ်ဆောင်လိုက်ရပြီး လက်ရှိမှာလည်း အသင်းက ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၁၁)နေရာထိ ရောက်ရှိနေသလို မျှော်လင့်စရာ တစ်ခုတည်းသော ဖလားပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ်မှာလည်း လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ထိပ်တိုက် ဆုံနေရတာကြောင့် ရီးယဲလ်ကို ကျော်ဖြတ်ဖို့ကလည်း တကယ် မလွယ်ကူနိုင်ပါဘူး။

Photo Credit : The Independent

တကယ်တော့ ချဲလ်ဆီးက တူဟယ်လ်ကို ဒီရာသီအစ (၇)ပွဲအပြီး လိဒ်စ် ဆောက်သမ်တန်နဲ့ ဒိုင်နမိုဇာဂရက်တို့ကို ရှံးနိမ့်ခဲ့ရင်း နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့ကာ ဘရိုက်တန်မှာ တောက်ပြနေတဲ့ ပေါ်တာ ကို တူဟယ်လ်နေရာ အစားထိုးခဲ့ပါတယ်။ ဒါပေမယ့် low profile သာ ရှိနေတဲ့ ပေါ်တာက ချဲလ်ဆီးလို အသင်းကြီး တစ်သင်းကို ကိုင်တွယ်ဖို့ မလွယ်ကူခဲ့ပဲ အသင်းကို (၆)လဝန်းကျင်ပဲ ကိုင်တွယ်ခဲ့ရပြီး (၃၁)ပွဲထဲ နိုင်ပွဲက (၁၂)ပွဲ သရေ (၈)ပွဲနဲ့ ရှုံးပွဲက (၁၁)ပွဲအထိ ရှိခဲ့တဲ့အပြင် နိုင်ပွဲ ရာခိုင်နှုန်းဟာလည်း (၃၈.၇)% လေးသာ ရှိခဲ့ပါတယ်။

Photo Credit : The Sun

အခုတော့ ချဲလ်ဆီး အသင်းရဲ့ ပရိသတ်တွေတိုင်းနီးပါး မျှော်လင့် စောင့်စားနေရတဲ့ သတင်းကြီးတစ်ခု တရားဝင် ထွက်ပေါ်လာပြီဖြစ်ပြီး ဂရေဟမ် ပေါ်တာ ကိုလည်း ချဲလ်ဆီးက ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ ချဲလ်ဆီးအနေနဲ့ အစားထိုး ခန့်အပ်ဖို့အတွက် ဈေးကွက်ထဲမှာ available ဖြစ်နေတဲ့ နည်းပြထဲ ချဲလ်ဆီးနည်းပြသစ် နေရာ ရောက်လာနိုင်သူအဖြစ် နာဂယ်စမန်းနဲ့ အင်းနရစ်က ရေပန်းအစားဆုံး ဖြစ်နေပြီး ဘယ်သူက ချဲလ်ဆီးကို ရောက်လာနိုင်မလဲ ရောက်လာမယ့် နည်းပြကရော ဒီရာသီမှာ အသင်းကို ဘယ်လောက်အထိ လုပ်ပေးနိုင်ဦးမလဲဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။

Featured Photo : We Ain’t Got No History