လူအများစုကတော့ ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ဖို့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို ပုံမှန်လုပ်ကြပါတယ်။ တကယ်တော့ လေ့ကျင့်ခန်း လုပ်တာဟာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရော ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုကိုပါ တိုးစေတဲ့အပြင် လိင်မှုဘဝအပေါ်မှာလည်း ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေကို ရရှိစေနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကွီးတို့ရဲ့ အိပ်ရာထဲက စွမ်းဆောင်ရည် ကို တက်စေပြီး ပျော်ရွှင်ဖွယ်ရာ လိင်မှုဘဝ အတွေ့အကြုံကို ပိုင်ဆိုင်စေနိုင်မယ့်အပြင် ခန္ဓာကိုယ်ရဲ့ အလုံးစုံ ကျန်းမာရေးကိုလည်း အကျိုးပြုတဲ့ လေ့ကျင့်ခန်း အချို့ကို ဖော်ပြပေးချင်ပါတယ်။

(၁) Planks

Photo : Steel Supplements

Planks လေ့ကျင့်ခန်းကတော့ ချစ်တင်းနှောစဉ် အတွင်းမှာ လိင်မှု စွမ်းဆောင်ရည် ကို မြှင့်တင်ပေးပြီး သက်လုံစွမ်းအား မြင့်မားလာစေဖို့ အထောက်အကူ ပြုပါတယ်။ ဒါတင်မက သေးပါဘူး။ ကိုယ်နေဟန်အထားကို မှန်ကန်စေဖို့ ပံ့ပိုးပေးနေတဲ့ Core ကြွက်သားတွေကိုလည်း တည်ဆောက်ပေးပြီး လိင်မှုဆိုင်ရာ လှုပ်ရှားမှုအတွင်း ခါးနာခြင်း ဖြစ်နိုင်ခြေကို လျှော့ချကာကွယ်ပေးပါတယ်။

(၂) Kegels

Photo : Cura Advanced Physiotherapy Centers

လိင်မှုစွမ်းဆောင်ရည် တက်ပြီး လိင်အင်္ဂါ ကျန်းမာသန်စွမ်းချင်သူတွေကတော့ Kegels လေ့ကျင့်ခန်းတွေကို ကျော်သွားလို့ မရပါဘူး။ Kegels လေ့ကျင့်ခန်းဟာ Pelvic Floor ကြွက်သားတွေကို အဓိက သန်မာစေပြီး လိင်အင်္ဂါတွေဆီကိုလည်း သွေးစီးဆင်းမှု မြှင့်တင်ပေးတာကြောင့် ဖွားဖက်တော် ထောင်မတ်နိုင်စွမ်း ပိုမိုကောင်းစေသလို ချစ်တင်းနှောစဉ်မှာ လိင်မှုစွမ်းဆောင်ရည် ကောင်းကောင်းနဲ့ အထွတ်အထိပ် ခံစားချက်ကို ပြည့်ပြည့်ဝဝ ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။

(၃) Squats

Photo : The Manual

ခန္ဓာကိုယ်အောက်ပိုင်း ကြွက်သား အစိတ်အပိုင်းတွေရဲ့ ကြံ့ခိုင်မှုဟာ လိင်မှုဘဝအတွက် သိပ်ကို အရေးပါပါတယ်။ ခန္ဓာကိုယ်အောက်ပိုင်း Lower Body Strength ကို တက်စေဖို့ဆိုရင် လွယ်ကူရိုးရှင်းတဲ့ လေ့ကျင့်ခန်းတစ်ခုကတော့ Squats ပါ။ Squats လေ့ကျင့်ခန်းဟာ ပေါင် ၊ တင်ပါးဆုံနဲ့ နောက်ကျောအောက်ပိုင်း ကြွက်သားအစိတ်အပိုင်းတွေရဲ့ ကြံ့ခိုင်သန်မာမှုအတွက် အကျိုးပြုတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပြီး လိင်မှုဆိုင်ရာ သက်လုံစွမ်းအားကိုလည်း မြင့်တင်ပေးပါတယ်။

(၄) Bridge Pose

Photo : Man Flow Yoga

Bridge Pose ကတော့ ရိုးရှင်းလွယ်ကူပြီး အမျိုးသား/အမျိုးသမီး လူတိုင်း ပြုလုပ်နိုင်တဲ့ ယောဂ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ချစ်တင်းနှောစဉ်မှာ အရေးပါတဲ့ Glutes နဲ့ Lower Back နောက်ကျောအောက်ပိုင်း ကြွက်သားအစိတ်အပိုင်းတွေကို ကြံ့ခိုင်သန်အာလာအောင် ကူညီပေးနိုင်ပါတယ်။

(၅) Push-ups

Photo : Endomondo

သက်လုံစွမ်းအား မြင့်မားပြီး လိင်မှုစွမ်းဆောင်ရည် ကောင်းကောင်းပြသနိုင်ဖို့ Push-ups လေ့ကျင့်ခန်းကိုလည်း ပြုလုပ်သင့်ပါတယ်။ Push-ups လေ့ကျင့်ခန်းဟာ ရင်ဘတ် ၊ ပခုံးနဲ့ လက်မောင်း ကြွက်သားတွေကို ကျစ်လစ်စေပြီး ခန္ဓာကိုယ်အပေါ်ပိုင်း ကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်တာကြောင့် ချစ်တင်းနှောချိန်မှာ စွမ်းအားအပြည့်နဲ့ ကောင်းမွန်တဲ့ လိင်မှုစွမ်းရည်ကို ပြည့်ပြည့်ဝဝ ပြသစေဖို့ အထောက်အကူ ပြုပါတယ်။

Source : Healthshots

Featured Photo : The Sun