ဂရေဟမ် ပေါ်တာနဲ့ လမ်းခွဲခဲ့တဲ့ ချဲလ်ဆီးအသင်းဟာ နာဂယ်စမန်း အင်းရနစ်တို့နဲ့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ သူတို့အသင်းရဲ့ legend player လည်းဖြစ် နည်းပြဟောင်းတစ်ဦးလည်းဖြစ်တဲ့ ဖရန့် လမ်းပတ်ကိုသာ ယာယီနည်းပြအဖြစ် ဒီရာသီအကုန်အထိ ကိုင်တွယ်ဖို့ တာဝန်ပေးလိုက်ပါတယ်။

Photo Credit : Chelsea FC

လမ်းပတ်ဟာ ဘောလုံးသမားဘဝတုန်းက ချဲလ်ဆီးအသင်းမှာ ၂၀၀၁ခုနှစ်ကနေ ၂၀၁၄ခုနှစ်အထိ ဆယ်စုနှစ်တစ်ခု အကျော်လောက်ထိကို ပါဝင်ကစားပေးခဲ့သူ ဖြစ်သလို ချန်ပီယံလိဂ်ဖလား ယူရိုပါလိဂ်ဖလား ပရီးမီးယားလိဂ်ဖလား အစရှိတဲ့ အသင်းလိုက် ဆုဖလားပေါင်း မြောက်များစွာကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ကစားသမားဘဝက အနားယူသွားချိန်မှာလည်း နည်းပြတစ်ဦးအဖြစ် ဘောလုံးနယ်ပယ်ထဲ ထပ်မံ ဝင်ရောက်ခဲ့တဲ့ လမ်းပတ်က ချဲလ်ဆီးကိုလည်း ကိုင်တွယ်ခဲ့သေးပြီး ချဲလ်ဆီးမှာ ကစားသမားအဖြစ်ရော နည်းပြအဖြစ်ပါ တာဝန် ထမ်းဆောင်ဖြစ်ခဲ့ပါတယ်။

Photo Credit : AP News

လမ်းပတ် ချဲလ်ဆီးနည်းပြအဖြစ် တစ်ရာသီခွဲလောက်သာ ကိုင်တွယ်ခွင့် ရရှိခဲ့တာ ဆိုပေမယ့် သူရဲ့ချဲလ်ဆီးနည်းပြဘဝအတွင်း နိုင်ပွဲရာခိုင်နှုန်းက (၅၂.၄)%အထိ ရှိခဲ့တာကြောင့် သိပ်မဆိုးလှဘူးလို့ ယူဆနိုင်ပါတယ်။ ချဲလ်ဆီးကတော့ လမ်းပတ်နဲ့ လမ်းခွဲခဲ့ပြီးနောက် တူဟယ်လ် ပေါ်တာတို့ကို အသီးသီး ထပ်မံ ခန့်အပ်​ဖြစ်ခဲ့ပြီး အခု ပေါ်တာကို အသင်းကနေ ထုတ်ပယ်လိုက်ချိန်မှာတော့ လမ်းပတ်ကို အသင်းရဲ့ ယာယီနည်းပြအဖြစ် ပြန်လည် တာဝန်ပေးလာခဲ့ပါတယ်။

Photo Credit : Goal

လမ်းပတ် ပြန်လည် ကိုင်တွယ်သွားရမယ့် ချဲလ်ဆီးအသင်းက လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၁၁)နေရာကို ရောက်ရှိနေတယ် ဆိုပေမယ့် အဆင့်(၇)နေရာက အက်စတွန်ဗီလာအသင်းနဲ့ (၅)မှတ်သာ ကွာဟလို့ အနည်းဆုံးတော့ ကွန်းဖရန့်စ်လိဂ် ဝင်ခွင့်ကို မျှော်မှန်းနိုင်သလို ချန်ပီယံလိဂ်ဘက်မှာလည်း လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ထိပ်တိုက် တွေ့ဆုံနေချိန် ဘယ်လို အံ့အားသင့်စဖွယ် စွမ်းဆောင်မှုတွေ ပြသနိုင်မလဲဆိုတာတွေကို စောင့်ကြည့်သွားရပါလိမ့်မယ်။ ဒီတစ်ချိန် ဂန္တဝင်တစ်ဦးရဲ့ ချဲလ်ဆီးအသင်း ယာယီနည်းပြ တစ်ဦးအဖြစ် ပြန်လာခဲ့တဲ့ ခရီးစဉ်ဟာလည်း စိန်ခေါ်မှုများစွာနဲ့ကို ပြည့်နှက်လျက် ရှိနေပါတယ်။

Featured Photo : Sky Sports