လာမယ့် နွေမှာ အာဆင်နယ်အသင်းကို စွန့်ခွာပြီး ယခင်က ကျင်လည်ခဲ့ဖူးရာ ဂျာမန် ဘွန်ဒက်စ်လီဂါဆီကို ပြန်သွားတော့မယ့် ဂန်နား လူမိုက်ကြီး ဂရားနစ် ချာကာဟာ သူရဲ့ အာဆင်နယ် ကစားသမားဘဝ နောက်ဆုံးသော ပွဲစဉ်မှာပဲ သွင်းဂိုးတွေနဲ့ ဂန်းနား ပရိသတ်တွေကို နှုတ်ဆက်သွားခဲ့ပါတယ်။

Photo Credit : Evening Standard

၂၀၁၆ခုနှစ်ကတည်းက ဘွန်ဒက်စ်လီဂါကလပ် မိုချန်ဂလာဘတ်အသင်းကနေ အာဆင်နယ်ဆီ ရောက်ရှိလာခဲ့တဲ့ ဆွစ် ကွင်းလယ်လူ ချာကာဟာ အဲ့ဒီရာသီကနေ စတင်ပြီး အာဆင်နယ်အသင်းအတွက် (၇)ရာသီဆက်တိုက် အသုံးတော်ခံသွားခဲ့ပါတယ်။ အာဆင်နယ် ပရိသတ်တွေဆီကနေ ချစ်ခြင်းမုန်းခြင်းတွေ ရရှိခဲ့သူ ချာကာဟာ တကယ်တော့ အာဆင်နယ်ကနေ ထွက်ခွာဖို့ ပထမတစ်ကြိမ် ကြိုးပမ်းခဲ့ဖူးပေမယ့် နည်းပြ အာတေတာက အသင်းမှာ ဆက်နေဖို့ တိုက်တွန်းခဲ့ရာ အလုပ်ဖြစ်သွားခဲ့ပြီး ဒီတစ်ကြိမ်မှသာ ချာကာကို သူ့ဆန္ဒအတိုင်း လိုက်လျောသွားဖို့ စီစဥ်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : The Times

တကယ်တော့ ချာကာရဲ့ ဂန်းနား တပ်သားဘဝ နောက်ဆုံးရာသီဟာ အမြင့်မားဆုံး စွမ်းဆောင်ရည်တွေ အပြသနိုင်ဆုံး ရာသီတစ်ခုဖြစ်လို့ ဒါဟာ ဂန်းနား ပရိသတ်တွေအတွက်တော့ လွမ်းစရာ တစ်ခုလို့တောင် ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ချာကာဟာ မနေ့က ကျင်းပခဲ့တဲ့ သူရဲ့ အာဆင်နယ် ကစားသမားဘဝ နောက်ဆုံးသော ပွဲစဉ်မှာပါ ပထမပိုင်း ပွဲချိန် (၁၁)မိနစ် နဲ့ (၁၄)မိနစ်အတွင်း အသင်းအတွက် သွင်းဂိုး (၂)ဂိုးကို ဆက်တိုက် သွင်းယူခဲ့ရာ ဒီရာသီထဲ (၄၇)ပွဲ ကစားအပြီး (၉)ဂိုးအထိတောင် သွင်းယူနိုင်ခဲ့ပါတယ်။ ချာကာရဲ့ ဒီရာသီ performance က တကယ့် တကယ်ကို အသိအမှတ်ပြုလောက်စရာ ကောင်းလှအောင် ကစားထားနိုင်ခဲ့ပြီး အရင်လို စိတ်လိုက်မာန်ပါ လုပ်ဆောင်မှုတွေကိုပါ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

Photo Credit : Daily Cannon

ဒီရာသီမှာ အာဆင်နယ်နဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ဖို့အထိ နီးစပ်ခဲ့ရတဲ့ ချာကာဟာ လာမယ့် ရာသီမှာ ကွန်းဖရန့်စ်လိဂ် ဝင်ရောက် ဆင်နွဲရမယ့် ဇာဗီ အလွန်ဆိုရဲ့ လေဗာကူဆင်အသင်းဆီ ပြောင်းရွှေ့ဖို့ သေချာသလောက် ရှိနေပါတယ်။ ဆွစ် ကွင်းလယ်လူ ချာကာက လေဗာကူဆင်ဆီ ယူရို (၁၅)သန်း (၄)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ ရှိ​နေပြီး အာဆင်နယ်ကလည်း နဂိုကတည်းက အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ဝက်စ်ဟမ်း ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကို ပစ်မှတ်ထားနေတာမို့ ဒီနွေမှာတော့ ရိုက်စ်ကို အရ ခေါ်ယူဖွယ် ရှိနိုင်ပါတယ်။

Featured Photo : Goal