ဒီနှစ် ဘောလုံးရာသီထဲ စပါးအသင်းက ရစ်ချာလီဆန်ကို ခေါ်ယူမိပြီးနောက် ဒီအပြောင်းအရွှေ့က အသင်းအတွက် ဂျင်းဖြစ်ခဲ့ရပေမယ့်လည်း အသင်းရဲ့ သစ္စာရှင် တိုက်စစ်ကစားသမားကြီး ဟာရီကိန်း ကတော့ စပါးအတွက် ပြိုင်ပွဲစုံမှာ (၃၂)ဂိုးအထိ သွင်းယူခဲ့ပြီး ပရီးမီးယားလိဂ်မှာလည်း ဂိုး (၃၀)အထိတောင် သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Forbes

အသင်း အပြောင်းအလဲ ပြုလုပ်ခွင့် ၊ စပါးအသင်းထက် ပိုမို ကောင်းမွန်တဲ့ အသင်းကြီး တစ်သင်းသင်းဆီ ပြောင်းရွှေ့ခွင့် ရခဲ့တာတောင်မှ စပါးမှာပဲ ဆက်လက် ရှိနေတဲ့ ဟာရီကိန်းဟာ သူရဲ့ စပါး ကစားသမားဘဝ (၁၃)ရာသီမြောက်ဖြစ်တဲ့ အခု ရာသီမှာလည်း စပါးအသင်းအတွက် လိဂ်ဂိုးတွေ ဒိုင်ခံ သွင်းယူခဲ့ရာ ဂိုး (၃၀)အထိကို သွင်းယူနိုင်ခဲ့ပါတယ်။ ကိန်းက စပါးအတွက် ၂၀၁၇-၂၀၁၈ ဘောလုံးရာသီတုန်းကလည်း ခုလို လိဂ်ဂိုး (၃၀)အထိ သွင်းယူပေးနိုင်ခဲ့ပြီး အဲ့ဒီတုန်းကတော့ ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဆုကို ပိုင်ဆိုင်ခဲ့ရပါတယ်။

Photo Credit : Manchester Evening News

ကိန်းက အခုရာသီမှာလည်း လိဂ်ဂိုး (၃၀)တောင် နောက်တစ်ကြိမ် သွင်းယူနိုင်ခဲ့ပေမယ့် ဒီတစ်ခါတော့ မန်စီးတီးရဲ့ အာလင်း ဟာလန်း ဂိုးသွင်းအားကို လိုက်မမီနိုင်တော့ပဲ ဟာလန်းကသာ (၃၆)ဂိုးနဲ့ ဒီရာသီရဲ့ ဂိုးသွင်းဘုရင် ဖြစ်သွားခဲ့ရပါတယ်။ ဟာလန်းကတော့ ဒီရာသီမှာ တကယ့်ကို ကောင်းလွန်းလှတဲ့ စွမ်းဆောင်ရည်တွေ ပြသခဲ့ပြီး သူရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက် ရာသီမှာပဲ စံချိန်ပေါင်းများစွာကို ရိုက်ချိုးရင်းနဲ့ တစ်ကိုယ်တော် ဆုတံဆိပ်တွေပါ ပိုင်ဆိုင်ခဲ့သလို အင်္ဂလန် အသင်းခေါင်းဆောင်ကြီး ကိန်းကိုပါ နောက်ကောက်ချနိုင်ခဲ့ပါသေးတယ်။

Photo Credit : Tha Analyst

ကိန်းအနေနဲ့ကတော့ စပါးမှာ ဒီလောက်အထိ ကျင်လည်ထားပြီး ဒီလောက်အထိ ဂိုးတွေ သွင်းယူထားတာတောင် အသင်းက ဖလားလက်မဲ့ ဖြစ်နေတာ အချိန် အတော်လေးကို ကြာမြင့်နေပြီဖြစ်လို့ ကိန်းအနေနဲ့ ဒီနွေမှာပဲ အသင်းသစ် တစ်သင်းသင်းဆီ ပြောင်းရွှေ့မလား ဒါမှမဟုတ် စပါးမှာပဲ ဆက်နေပြီး အသင်းကို ရောက်ရှိလာမယ့် နည်းပြသစ်နဲ့ပဲ ဆက်လက် လက်တွဲသွားမလားဆိုတာ စောင့်ကြည့်သွားရပါမယ်။

Featured Photo : The Analyst