လီဗာပူးလ် အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ် ကစားသမားကြီး ဂျော်ဒန် ဟန်ဒါဆန် ကတော့ သူရဲ့အသင်းဖော်ဟောင်း စတီဗင် ဂျရတ် ကိုင်တွယ်နေတဲ့ ဆော်ဒီကလပ် အယ်လ် အယ်တီဖတ်အသင်းဆီကို ပြောင်းရွှေ့ကစားဖို့အတွက် သဘောတူညီလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Sky Sports

အသက် (၃၃)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ကွင်းလယ်လူ ဟန်ဒါဆန်က လီဗာပူးလ်အသင်းဆီ ၂၀၁၁ခုနှစ်ကတည်းက ဆန်းဒါးလန်းအသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လက်ရှိမှာ လီဗာပူးလ်နဲ့ ဆယ်စုနှစ်တစ်ခုအထိကို ဖြတ်သန်းထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဟန်ဒါဆန်က လီဗာပူးလ်နဲ့လည်း ဆုဖလားပေါင်းများစွာ ပိုင်ဆိုင်နိုင်ခဲ့တဲ့ အသင်းရဲ့ သက်တော်ရှည် ကစားသမားဖြစ်ပေမယ့် အခုတော့ လီဗာပူးလ်က အသင်း ကွင်းလယ်ပိုင်းကို သွေးသစ်လောင်းဖို့အတွက် ကစားသမားသစ်တွေ ခေါ်ယူထားတာမို့ ဟန်ဒါဆန် ရဲ့ ပွဲကစားခွင့်တွေ မရေမရာ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : This is Anfield

တစ်ဖက်မှာတော့ ဟန်ဒါဆန်ရဲ့ အသင်းဖော်ဟောင်းလည်းဖြစ် လီဗာပူးလ်ရဲ့ အသင်းခေါင်းဆောင်ဟောင်း ဂန္တဝင် ကစားသမားဟောင်းလည်းဖြစ်တဲ့ ဂျရတ်က ဗီလာ နည်းပြ ရာထူးကနေ ထုတ်ပယ်ခံထားရပြီး လပိုင်းအကြာမှာပဲ ဆော်ဒီကလပ် အယ်လ် အယ်တီဖက်အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခံလိုက်ရပါတယ်။ ဂျရတ်က အယ်လ် အယ်တီဖက်ကို ကိုင်တွယ်ရချိန်မှာတော့ သူ့အသင်းဖော်ဟောင်း ဟန်ဒါဆန် နဲ့ ချယ်လ်ဆီးမှာ အနာဂတ် မရေရာတော့တဲ့ ဂါဘွန် တိုက်စစ်မှူး အူဘာမီယန်းတို့ကို အဓိက ပစ်မှတ်ထားလာခဲ့ပါတယ်။

Photo Credit : The Athletic

လက်ရှိမှာတော့ အယ်လ် အယ်တီဖက်အသင်းက ဟန်ဒါဆန်ကို လီဗာပူးလ်အသင်းမှာ ရရှိနေတဲ့ တစ်ပတ်လုပ်ခထက် (၃)ဆဝန်းကျင်လောက် ပိုမို ရရှိနိုင်မယ့် လစာမျိုးထိ တိုးမြှင့်ပေးချေသွားမယ်လို့ ကမ်းလှမ်းထားပြီး တစ်ပတ်လုပ်ခ ပေါင် (၇)သိန်းနဲ့ (၃)နှစ်စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ ဟန်ဒါဆန် ကတော့ ဒီကမ်းလှမ်းမှုကို လက်ခံထားပြီ ဖြစ်ပေမယ့်လည်း အပြောင်းအရွှေ့ အထမြောက်ဖို့ကတော့ အသင်းနှစ်သင်းကြားမှာ ဟန်ဒါဆန်ရဲ့ ပြောင်းရွှေ့ကြေးကို ညှိနှိုင်းရပါဦးမယ်။ လီဗာပူးလ်ဘက်ကတော့ သူတို့ ကစားသမားကို အလွတ်နဲ့ လက်လွတ်မှာ မဟုတ်ပဲ ပြောင်းရွှေ့ကြေး ပေါင် (၁၀)သန်းဝန်းကျင်လောက်အထိ အလိုရှိနေပါတယ်။

Featured Photo : The Sun