Ballon d’Or ဆုဆိုတာ ဘောလုံးသမားတိုင်း အိပ်မက် မက်ရတဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ဖြစ်ပါတယ်။ ဒီလို ဘောလုံးလောကရဲ့ ဂုဏ်သိက္ခာ အကြီးမားဆုံး Ballon d’Or ဆုကို ငယ်ငယ်ရွယ်ရွယ်နဲ့ ရရှိထားကြတဲ့ ဘောလုံးသမားတွေလည်း အများကြီးပါ။ ဒီတစ်ခေါက်တော့ ဘောလုံးချစ် ပရိသတ်တွေအတွက် ငယ်ငယ်ရွယ်ရွယ်နဲ့ Ballon d’Or ဆု သိမ်းပိုက်ထားကြတဲ့ ကစားသမားတွေကို ပြောပြပေးချင်ပါတယ်။

(၁) Ronaldo

Photo : 90min

ဘရာဇီးလ် ဂန္ထဝင် ဘောလုံးသမားကြီး Ronaldo ကတော့ သူ့ရဲ့ ပထမဆုံး Ballon d’Or ဆု ကို အင်တာမီလန် ကစားသမားဘဝမှာ ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ် အသက် ၂၁ နှစ်အရွယ်မှာပဲ ဒီဆုကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး Ballon d’Or ဆုရှင်အဖြစ် ရပ်တည်နေပါတယ်။

(၂) Michael Owen

Photo : 90min

ဒုတိယမြောက် အသက်အငယ်ဆုံး Ballon d’Or ဆုရှင်ကတော့ အင်္ဂလန် လက်ရွေးစင် ကစားသမားကြီး Michael Owen ပါပဲ။ Michael Owen ဟာ လီဗာပူးအသင်း ကစားသမားဘဝ ၂၀၀၁ ခုနှစ်ဘောလုံးရာသီအတွင်းမှာ Ballon d’Or ဆုကို ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပြီး အဲ့ဒီအချိန်မှာ အသက် ၂၂ နှစ်သာ ရှိပါသေးတယ်။

(၃) Lionel Messi

Photo : 90min

ဘောလုံးလောကရဲ့ GOAT ကြီးလို့ သတ်မှတ်ခံထားရတဲ့ Lionel Messi ကတော့ အသက် ၂၂ နှစ်အရွယ်မှာပဲ ကစားသမားဘဝရဲ့ ပထမဆုံး Ballon d’Or ဆုကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းမှာ ခြေစွမ်းပြကစားချိန် ၂၀၀၉ ခုနှစ်မှာ ဒီဆုကို ရရှိခဲ့တာဖြစ်ပြီး အသက် ၂၂ နှစ်မှာ Ballon d’Or ဆု ရရှိခဲ့တဲ့ နှစ်ဦးတည်းသော ကစားသမားထဲက တစ်ယောက် ဖြစ်ပါတယ်။

(၄) George Best

Photo : 90min

အသက် ၂၂ နှစ်မှာ Ballon d’Or ဆုရရှိခဲ့တဲ့ နောက်ထပ် ကစားသမားတစ်ဦးကတော့ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် George Best ဖြစ်ပါတယ်။ George ဟာ ၁၉၆၈ ခုနှစ်မှာ ယူနိုက်တက် အသင်းနဲ့အတူ Ballon d’Or ကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး Ballon d’Or သိမ်းပိုက်နိုင်ခဲ့တဲ့ တစ်ဦးတည်းသော မြောက်အိုင်ယာလန်နိုင်ငံသား ဖြစ်ပါတယ်။

(၅) Oleg Blokhin

Photo : 90min

ယူကရိန်းနိုင်ငံသား Oleg Blokhin ကတော့ ဆိုဗီယက် ယူနီယံရဲ့ Ballon d’Or ဆုရှင် သုံးဦးအနက် ဒုတိယမြောက် ကစားသမား ဖြစ်ပါတယ်။ Oleg Blokhin ဟာ ၁၉၇၅ ခုနှစ် အသက် ၂၃ နှစ်အရွယ်မှာ Ballon d’Or ဆု ကို ရရှိခဲ့တာဖြစ်ပြီး အဲ့ဒီနှစ်မှာပဲ ဒိုင်းနမိုကိယက်ဗ်အသင်းနဲ့အတူ UEFA ဆုဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Source : 90min

Featured Photo : GiveMeSport