ကမ္ဘာပေါ်မှာ သဘာဝတရားကြီးက ဖန်ဆင်းပေးထားတဲ့ လှပတဲ့ နေရာတွေ၊ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ နေရာတွေနဲ့ ထူးခြားဆန်းကြယ်တဲ့ နေရာတွေ အများအပြားပါပဲ။ ထိုအထဲမှာ ကောင်းကင်ပြာအောက်မှာ အဖြူရောင် လှိုင်းကြက်ခွပ်တွေနဲ့ အပြာရောင်ပင်လယ်ပြာကြီးကို တိုက်ရိုက်ထိတွေ့နိုင်တဲ့ ကမ်းခြေများကလည်း အပါအဝင် ဖြစ်ပါတယ်။ ကမ်းခြေတွေက တောက်ပတဲ့နေရောင်၊ သန့်ရှင်းလတ်ဆတ်တဲ့လေနဲ့ မျက်စိတစ်ဆုံး ကျယ်ပြောလှတဲ့ ပင်လယ်ပြင်ကြီးရဲ့ သဘာဝအလှတရားတွေကို ခံစားနိုင်တဲ့နေရာဆိုလည်း မမှားပါဘူး။ ဒါ့အပြင် စိတ်ကြည်လင်လန်းဆန်း တတ်ကြွမှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ စာရေးသူက ကွီးတို့ကို ငေးမောချင်စရာ ပင်လယ်ပြာ များနဲ့ ချိတ်ဆက်ပေးထားတဲ့ လှပတဲ့ ကမ်းခြေများ ဆီသို့ အလည်တစ်ခေါက် ခေါ်သွားမှာ ဖြစ်ပါတယ်။

Navagio Beach

Photo : GTP Headlines

ကွီးတို့ကို ပထမဆုံးဖော်ပြပေးချင်တာကတော့ အပြာရောင် ပင်လယ်ပြင်၊ လှပတဲ့ ချောက်ကမ်းပါးနဲ့‌ သင်္ဘောပျက်တစ်စီး တည်ရှိနေတဲ့ ဂရိနိုင်ငံ Zakynthos ကျွန်းရှိ Navagio ကမ်းခြေပဲ ဖြစ်ပါတယ်။ ကမ္ဘာတစ်လွှားမှာရှိတဲ့ ခရီးသွားများက ကမ်းခြေ သဲသောင်ပြင်ပေါ်မှာ ရှိနေတဲ့ Panagiotis လို့ခေါ်တဲ့ နာမည်ကြီး သင်္ဘောပျက်ရဲ့ ဓာတ်ပုံတွေကို လာရောက်ရိုက်ကူးကြပါတယ်။ ဒါ့အပြင် လှပသော အပြာရောင်ရေနဲ့ အဖြူရောင်သဲတွေက ပြီးပြည့်စုံသော အံ့မခန်း ရှုခင်းကို ပေးစွမ်းနေပါတယ်။

Baia Dos Porcos

Photo : Las Nejores Playas

ဘရာဇီးနိုင်ငံမှာ တည်ရှိတဲ့ Baia Dos Porcos ဆိုတဲ့ ကမ်းခြေက တစ်ကယ်ကို လှပပြီး အခမ်းနားဆုံး ကမ်းခြေတစ်ခုပါ။ ဒီကမ်းခြေက အပြာရောင်နဲ့ စိမ်းပြာရောင် ရောယှက်နေတဲ့ ပင်လယ်ပြင်နဲ့ မြင့်မားတဲ့ ချောက်ကမ်းပါးတွေနောက်မှာ ပုန်းကွယ်နေတဲ့ သဘာဝအလှတရားတစ်ခုပါ။ “Bay of Pigs” ဟုလည်း လူသိများပြီး ကျောက်ဆောင်များ ဖြင့် ပြည့်ကျပ်နေသော ဒီကမ်းခြေက အလွန်ဆိတ်ငြိမ်ပြီး လွမ်းမောဖွယ်ရာ ခံစားချက်ကို ပေးစွမ်းနေပါတယ်။

Elafonissi Beach

Photo : Kim

ဒီကမ်းခြေကလည်း ဂရိနိုင်ငံမှာ တည်ရှိပြီး သူ့ရဲ့ ထူးခြားပြီး ဆွဲဆောင်မှုရှိတဲ့အရာကတော့ လှပသော ပန်းရောင်သဲများရှိခြင်းပါပဲ။ Elafonissi ကမ်းခြေရဲ့ သဲသောင်ပြင်က အမှန်တကယ်တွင် ကုန်းမကြီးမှ ရေတိမ်ပိုင်းများကို သဲသောင်များဖြင့် ပိုင်းခြားထားသော ကျွန်းတစ်ကျွန်းဖြစ်ပြီး ဒီရေတက်ချိန်တွင် သုံးပေခန့် ပျောက်ကွယ်သွားပါတယ်။ ဒီကမ်းခြေရဲ့ ငေးမောချင်စရာ ပင်လယ်ပြာ နဲ့ ပန်းရောင်သဲများ ပေါင်းစပ်မှုက ကွီးတို့ရဲ့ စိတ်နှလုံးအာရုံကို လှုပ်ခတ်စေမှာတေ့ အသေအချာပါပဲ။

Saud Beach

Photo : Good News

အရှေ့တောင်အာရှမှာပဲ လှပတဲ့ကမ်းခြေကို သွားချင်ရင်တော့ကို သွားရောက်လည်ပတ်ချင်ရင်တော့ ဖိလစ်ပိုင်နိုင်ငံ၊ Luzon ကျွန်းက Saud ကမ်းခြေလေးက ရွေးချယ်ဖို့ အကောင်းဆုံးပါပဲ။ ကမ်းခြေက သဲဖြူဖြူတွေနဲ့ ရေပြာပြာတွေက တကယ်ကို ကွီးတို့ကို အဆုံးမရှိ ကြည်လင်တဲ့ရေကူးကန်ထဲမှာ ရေကူးနေရတဲ့ခံစားချက်မျိုး ပေးစွမ်းနိုင်မှာပါ။ ဒါ့အပြင် အေးချမ်းတဲ့ လှိုင်းဖွေးဖွေးတွေနဲ့ ထိတွေ့ရတာကလည်း တကယ်ကို ပင်ပန်းနွမ်းနယ်မှုတွေကို ပြေပျောက်စေမှာပါ။

Whitehaven Beach

Photo : Queen Land

ကောင်းကင်ပြာနဲ့ အပြာရောင် ပင်လယ်ပြင်တို့ ထိစပ်ရာ မိုးကုတ်စက်ဝိုင်းကို မျက်စိတစ်ဆုံး ငေးမောချင်တယ်ဆိုရင် သြစတေးလျနိုင်ငံ၊ Whitsundays ကျွန်းရှိ Whitehaven ကမ်းခြေကို ရွေးချယ်နိုင်ပါတယ်။ Whitehaven ကမ်းခြေမှာ လှပတဲ့အဖြူရောင် သဲတွေ၊ စိမ်းလန်းပြီး နက်ရှိုင်းတဲ့ မိုးသစ်တောတွေနဲ့ ပုံဆောင်ခဲရေတွေက ခံစားမှုရသတစ်မျိုးကို ပေးစွမ်းနေတဲ့ အလှပဆုံးသော ကမ်းခြေတစ်ခုပါ။

ကွီးတို့ရေ ဘဘာဝတရားကြီးက ဖန်ဆင်းပေးထားတဲ့ ပင်လယ်ပြာနဲ့ ကမ်းခြေများဆီသို့ ချစ်ရသူလေးနဲ့ တစ်ခေါက်လောက်တော့ ရောက်အောင်သွားပါ။

Source :The Luxury Expert

Featured Photo : Yachtchart