ချယ်လ်ဆီး ၊ မန်ချက်စတာ ယူနိုက်တက် ၊ တော့တင်ဟမ် ဟော့စပါးအသင်းတွေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကျင်လည်ခဲ့ဖူးပြီး ပရီးမီးယားလိဂ်ဖလားကိုလည်း (၃)ကြိမ်အထိ ပိုင်ဆိုင်ထားခဲ့ဖူးတဲ့ စပယ်ရှယ်ဝမ်း နည်းပြကြီး ဂျိုဆေး မော်ရင်ဟိုကို လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အချမ်းသာဆုံး အသင်းလို့ ဆိုရမယ့် နယူးကာဆယ်အသင်းက မျက်စိကျလို့နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Premier League

လက်ရှိ နယူးကာဆယ် နည်းပြ အက်ဒီဟောင်းကလည်း ကာဆယ်ကို ကိုင်တွယ်ပြီးချိန် ကတည်းက ကစားသမား ခေါ်ယူမှုတွေ အလွန်အကျွံ လုပ်ဆောင်ခြင်း မရှိပဲ ခေါ်ယူလိုက်တိုင်း ကစားသမားတိုင်းက အသင်းအတွက် အကျိုးပြုခဲ့သလို အသင်းကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ပါ ပြန်ရထားခဲ့ပါတယ်။ ဒါပေမယ့် အက်ဒီဟောင်းက ပုံရိပ်မြင့်မားတဲ့ နည်းပြတစ်ဦး မဟုတ်သလို အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားသူလည်း မဟုတ်တော့ ဥရောပ ပွဲစဉ်တွေမှာ အသင်းကို ကောင်းကောင်း မောင်းနှင်ပေးဖို့ ခက်ခဲပါလိမ့်မယ်။

Photo Credit : The New York Times

ဒါကြောင့်လည်း နယူးကာဆယ်က စပယ်ရှယ်ဝမ်းကြီးကို ချိန်ရွယ်လာခဲ့တာပါ။ မော်ရင်ဟိုကလည်း လက်ရှိမှာ ရိုးမားနည်းပြအဖြစ် ဆောင်ရွက်နေတယ် ဆိုပေမယ့် အသင်းနဲ့ ချုပ်ဆိုထားတဲ့ (၃)နှစ်စာချုပ်က အခုရာသီ အပြီးမှာပဲ ကုန်ဆုံးပါတော့မယ်။ လတ်တလောမှာတော့ ရိုးမားအသင်း တာဝန်ရှိသူတွေနဲ့ မော်ရင်ဟိုတို့ကြား စာချုပ်သက်တမ်း တိုးမြှင့်ဖို့ ဆွေးနွေးမှုတွေ ရှိနေတယ် ဆိုပေမယ့်လည်း ဒီကနေ အဖြေအမျိုးမျိုး ထွက်ပေါ်လာနိုင်တာမို့ ဒီအခြေအနေကို နယူးကာဆယ်တို့က စောင့်ကြည့်နေပါတယ်။

Photo Credit : talkSPORT

တကယ်လို့ မော်ရင်ဟိုသာ နယူးကာဆယ်ကို ရောက်လာခဲ့မယ်ဆိုရင် နယူးကာဆယ်ရဲ့ လက်ရှိ ကစားသမားအင်အား လိုအပ်ရင် လိုအပ်သလို ကစားသမား ဖြည့်တင်းနိုင်မယ့် အနေအထားတွေကြောင့် မန်စီးတီး လီဗာပူးလ် အာဆင်နယ်အသင်းတွေနဲ့ပါ ယဉ်ဘောင်တန်းပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ဥရောပ ဘောလုံးစစ်မျက်နှာပြင်အထိပါ လွှမ်းမိုးလာနိုင်ဖွယ် ရှိနေပါတယ်။

Featured Photo : Clutch Points