စပါး အသင်းက ဒီနှစ် ဘောလုံးရာသီအကုန်မှာ နည်းပြ တစ်ဦးကို အသည်းအသန် ရှာဖွေလို့နေပြီး သူတို့ လိုချင်လှပါတယ်ဆိုတဲ့ ဖိုင်ယင်နော့ နည်းပြဟာလည်း ဖိုင်ယင်နော့နဲ့ပဲ သက်တမ်း တိုးသွားခဲ့တဲ့အတွက် နောက်ဆုံးမှာတော့ ပိုစတီကိုဂလူးဘက်ကို စတင် ချိန်ရွယ်လာခဲ့ပါတယ်။

Photo Credit : Sky Sports

အသက် (၅၇)နှစ်အရွယ် သြစတြေးလျ လက်ရွေးစင်အသင်းရဲ့ ကစားသမားဟောင်း နဲ့ နည်းပြဟောင်း ပိုစတီကိုဂလူးဟာ image မြင့်တဲ့ နည်းပြတစ်ဦး မဟုတ်ပဲ သြစတြေးလျ အေလိဂ်ကလပ်တွေနဲ့ ဂျပန် ဂျေလိဂ်ကလပ်တို့ကိုသာ ကိုင်တွယ်ထားခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ ၂၀၂၁ခုနှစ် ဇွန်လကမှ စကော့ ထိပ်သီးကလပ် ဆဲလ်တစ်အသင်းရဲ့ နည်းပြအဖြစ်နဲ့ ဥရောပ ဘောလုံးနယ်ပယ်မှာ စတင် ကျင်လည်ခဲ့ရတဲ့ ပိုစတီကိုဂလူးဟာ သူရဲ့ ဆဲလ်တစ်နည်းပြဘဝ ပထမဆုံးရာသီမှာပဲ အသင်းအတွက် စကော့ အမှတ်ပေး ချန်ပီယံဖလား နဲ့ စကော့လိဂ်ဖလားတို့ကို ရယူပေးခဲ့ပါတယ်။

Photo Credit : Sky Sports

ဒုတိယရာသီမှာတော့ ပိုစတီကိုဂလူးက ဆဲလ်တစ်အသင်းအတွက် တစ်ရာသီအတွင်းမှာပဲ ပြည်တွင်း ဆုဖလား (၃)လုံးကို ရယူပေးနိုင်ခဲ့ပြီး (၂)ရာသီအတွင်းမှာ ဖလား(၅)လုံးအထိ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ စပါး အသင်းက သူ့ကို စိတ်ဝင်စားမှု ရှိလာခဲ့ရင်းနဲ့ နောက်ဆုံးမှာတော့ အသင်းနည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ ဒါပေမယ့် ဥရောပ ဘောလုံးနယ်ပယ်ထဲကို ခြေချဝင်ရောက်လာတာ (၂)ရာသီတည်းသာ ရှိနေသေးတဲ့ နည်းပြ တစ်ယောက် ၊ စကော့တလန်လိဂ်လို ဆဲလ်တစ် နဲ့ ရိန်းဂျားစ် နှစ်သင်းတည်း ပြိုင်နေရတဲ့ လိဂ်မှာပဲ ဖလားတွေ ယူဆောင်ပြနေတာတွေက စပါးအတွက် စဉ်းစားစရာပါပဲ။

Photo Credit : TEAMtalk

စပါး ဆိုတာ မော်ရင်ဟို ကွန်တီတို့လို တကယ့် အရည်အသွေးမြင့် နည်းပြ တွေနဲ့ပါ လမိုင်းမကပ်ခဲ့တဲ့ အသင်း ဖြစ်နေတာကြောင့် ပိုစတီကိုဂလူးလို သိပ်မထင်မရှား နည်းပြက အသင်းအတွက် ဘာတွေများ လုပ်ပေးသွားနိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဒါပေမယ့် အသင်း ပရိသတ်တွေကတော့ အသင်း ဥက္ကဌ ဒန်နီရယ်လီဗီးက သူတို့ စိတ်တိုင်းကျ လုပ်ဆောင်ရာမှာ ဝင်ရောက် စွက်ဖက်ခြင်း မပြုနိုင်တဲ့ ရုပ်သေးနည်းပြတစ်ဦးကို ခန့်အပ်တယ်လို့ ထင်မြင်နေကြပြီး နာမည်ကြီး နည်းပြတွေနဲ့ သတင်းထွက်ပြီးမှ အခုလို နည်းပြမျိုးကို ခန့်အပ်ခဲ့ခြင်းကိုလည်း သဘောမကျ ဖြစ်နေကြပါတယ်။

Featured Photo : Sporting News