အမေရိကန် နာမည်ကျော် စာရေးဆရာကြီး စတီဖင် ကင်း ကို ထိတ်လန့်သည်းဖို ဇာတ်လမ်းတွေ ကြိုက်နှစ်သက်သူတိုင်း သိကြပါလိမ့်မယ်။ စတီဖင် ကင်းဟာ “ထိတ်လန့်သည်းဖို ဇာတ်လမ်းများရဲ့ ဘုရင်” လို့တောင် တင်စားခေါ်ဝေါ်ခံရသူပါ။ သူရဲ့ ဇာတ်လမ်းတိုင်းက စာဖတ်သူတွေရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်ပြီး လက်တွေ့ဆန်ဆန်နဲ့ ထိတ်လန့်ဖွယ်ကမ္ဘာတစ်ခုဆီ အရောက်ခေါ်သွားပေးပါတယ်။ စတီဖင် ကင်း ရဲ့ နာမည်ကြီးဝတ္ထုတော်တော်များများကို ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးရိုက်ကူးကြပြီး ဝတ္ထုရော ရုပ်ရှင်ပါ အောင်မြင်မှုများစွာ သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ ဒီတစ်ခေါက်တော့ လျှို့ဝှက်သည်းဖို ၊ သည်းထိတ်ရင်ဖိုနဲ့ သိပ္ပံစိတ်ကူးယဉ် ဝတ္ထုကောင်းကောင်း ဖတ်ချင်တဲ့ စာဖတ်ပရိသတ်တွေအတွက် စတီဖင် ကင်း ရဲ့ လက်ရာတွေထဲက အကောင်းဆုံး ကမ္ဘာကျော် စာအုပ် ကောင်း ၅ အုပ်ကို ရွေးချယ်တင်ဆက်ပေးချင်ပါတယ်။
(၁) The Shining

Photo : Siachen Studios
The Shining ဝတ္ထုက ၁၉၉၇ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ဂေါ့သစ်လျှို့ဝှက်သည်းဖို စာအုပ် ကောင်း တစ်အုပ်ဖြစ်ပါတယ်။ ဒီစာအုပ်က အပန်းဖြေဟိုတယ်တစ်ခုရဲ့ ထိတ်လန့်ခြောက်ခြားဖွယ် ဇာတ်လမ်းကို ဇာတ်အိမ်တည်ထားပါတယ်။ စာရေးသူက အပန်းဖြေဟိုတယ်ကို လာရောက်တဲ့ ဧည့်သည်တွေရဲ့ ထိတ်လန့်ခြောက်ခြားဖွယ်ရာ သေမှု့သေခင်းတွေအကြောင်းကို ပြန်ပြောင်းပြောပြထားပါတယ်။ ဒီစာအုပ်ဟာ စတီဖင် ကင်း ရဲ့ အရောင်းရဆုံးနဲ့ အကောင်းဆုံး လက်ရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ၁၉၈၀ ခုနှစ်မှာ The Shining ဝတ္ထုကို နာမည်တူ Horror / Mystery ရုပ်ရှင်ဇာတ်ကားအဖြစ် ပြန်လည်ရိုက်ကူး ပုံဖော်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာလည်း ပရိသတ်တွေကြားမှာ တော်တော်လေးဟော့ ဖြစ်ခဲ့ပြီး အောင်မြင်မှုများစွာ သိမ်းပိုက်နိုင်ခဲ့တဲ့ ထိတ်လန့်သည်းဖို ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားအဖြစ် ဒီနေ့အချိန်အထိ လူကြိုက်များနေဆဲ ဖြစ်ပါတယ်။
(၂) Misery

Photo : Siachen Studios
Misery ဝတ္ထုက ၁၉၈၇ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ စိတ္တဇဆန်ဆန် သည်းထိတ်ရင်ဖို စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ ဇာတ် ကောင် စာရေးဆရာ ပေါလ် ရှယ်ဒန် နဲ့ ပေါလ်ရဲ့ဝတ္ထုတွေကို အရူးအမူးစွဲလန်းနေတဲ့ အမာခံပရိသတ် အန်နီတို့အကြောင်း ဇာတ်လမ်းဇာတ်အိမ် တည်ထားပါတယ်။ ပေါလ် မတော်တဆမှု ဖြစ်ပြီးချိန်မှာ အန်နီက ပေါလ်ကို သူမရဲ့ အိမ်မှာ ချုပ်နှောင်ဖမ်းဆီးထားပြီး စွဲလန်းရူးသွပ်မှု ၊ စိတ္တဇဆန်မှု ၊ သွေးသံရဲရဲ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့အတူ ရင်တထိတ်ထိတ် သွေးပျက်ခြောက်ခြားဖွယ် ဇာတ်လမ်းကို ပုံဖော်ရေးသားထားပါတယ်။ ဒီစာအုပ်ဟာ Bram Stoker Award ဆွတ်ခူးခဲ့တဲ့ စတီဖင် ကင်း ရဲ့အကောင်းဆုံး စာအုပ် တစ်အုပ်ပဲ ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်မှာတော့ ဒီစာအုပ်နဲ့ နာမည်တူ Misery Horror ရုပ်ရှင်ဇာတ်ကားကို ပြန်လည်ရိုက်ကူးခဲ့ပြီး ထပ်ဆင့်အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။
(၃) It

Photo : Siachen Studios
It ကတော့ ပရိသတ်တွေအားလုံးနဲ့ ရင်းနှီးပြီးသား သည်းထိတ်ရင်ဖို ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ It ဝတ္ထုဟာ စတီဖင် ကင်း ရဲ့ အရောင်းရဆုံးနဲ့ လူကြိုက်အများဆုံး ဇာတ်လမ်းတွေထဲကတစ်ခုဖြစ်ပြီး ၁၉၈၆ ခုနှစ်မှာ စာအုပ် စတင်ထုတ်ဝေခဲ့ပါတယ်။ ပန်နီဝှိုက်လို့ခေါ်တဲ့ ထိတ်လန့်ခြောက်ခြားဖွယ်ရာ မကောင်းဆိုးဝါးကြီးနဲ့ ရင်ဆိုင်ရတဲ့ ကလေးငယ် ၇ ယောက်အကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။ ကလေးငယ် ၇ ယောက်ပါဝင်တဲ့ Losers Club နဲ့ ပန်နီဝှိုက် တို့ရဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေ ၊ ခြောက်ခြားဖွယ်ရာ ဖြစ်ရပ်ဆန်းတွေနဲ့ အတိတ်နဲ့ ပစ္စုပ္ပန် ရောယှက်နေတဲ့ ကြောက်စရာအကောင်းဆုံး သည်းထိတ်ရင်ဖိုဇာတ်လမ်းကောင်း တစ်ခုဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ It ဝတ္ထုကို ရုပ်ရှင်ဇာတ်ကားအဖြစ် ပြန်လည်ရိုက်ကူးခဲ့ပါတယ်။ ဝတ္ထုနဲ့ ရုပ်ရှင် နှစ်ခုစလုံးဟာ မတူညီရတဲ့ ရသတစ်ခုစီကို ပေးစွမ်းပါတယ်။
(၄) The Stand

Photo : Siachen Studios
The Stand ဝတ္ထုက စတီဖင် ကင်း ရဲ့အကျော်ကြားဆုံး စိတ်ကူးယဉ်စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ ကြောက်စရာကောင်းတဲ့ ကပ်ရောဂါဆိုးအကြောင်း ဇာတ်အိမ်တည်ထားပါတယ်။ ကပ်ရောဂါကနေ အသက်ရှင်ကျန်ရစ်တဲ့ လူအနည်းစုမှာ အုပ်စု ၂ ဖွဲ့ကွဲပြီး တိုက် ခိုက်ကြတဲ့ စစ်ပွဲတွေအကြောင်းကို စိတ်ဝင်စားဖို့အကောင်းဆုံး ပုံဖော်ရေးသားထားပါတယ်။ ဒီ စာအုပ် က ၁၉၇၈ ခုနှစ်ကာလတွေမှာ အရမ်းလူကြိုက်များခဲ့တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။
(၅) Carrie

Photo : Siachen Studios
Carrie ဝတ္ထုက စတီဖင် ကင်း ရဲ့ ပထမဆုံးထုတ်ဝေခဲ့တဲ့ ဝတ္ထုတစ်အုပ်ဖြစ်ပြီး ကျောချမ်းစရာကောင်းတဲ့ ထိတ်လန့်သည်းဖို စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။ ဒီစာအုပ်က ကယ်ရီ ဝှိုက်ဆိုတဲ့ ကောင်မလေးနဲ့ ဇာတ်အိမ်တည်ထားပါတယ်။ ကယ်ရီရဲ့ ဆယ်ကျော်သက်အရွယ်မှာ ကြုံတွေ့ရတဲ့ သဘာဝလွန် စွမ်းအားတွေနဲ့ ထိတ်လန့်ခြောက်ခြားဖွယ် ဖြစ်ရပ်တွေကို စိတ်ဝင်စားဖို့ အကောင်းဆုံး ပုံဖော်ရေးသားထားပါတယ်။ Carrie ဝတ္ထုဟာ စတီဖင် ကင်းရဲ့ လူကြိုက်အများဆုံးနဲ့ အအောင်မြင်ဆုံး စာအုပ်ကောင်းတွေထဲကတစ်ခု ဖြစ်ပါတယ်။
Featured Photo : Gwinnett County Public Library

