စပါး အသင်းကတော့ လာမယ့် နွေရာသီ ဈေးကွက်အတွင်းမှာ အသင်းရဲ့ ဝါရင့် ဂိုးသမားကြီး ဟူဂို လိုရစ်ကို လက်လွတ်ရတော့မှာဖြစ်လို့ သူ့နေရာမှာ အစားထိုးဖို့အတွက် ဂိုးသမားသစ် တစ်ဦး ရှာဖွေနေရာ အခုတော့ ဘရန့်ဖို့ဒ်ရဲ့ စပိန် ဂိုးသမား ဒေးဗစ်ရာယာကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်ပါ ရရှိသွားပြီလို့ သိရပါတယ်။

Photo Credit : Youtube

ပြင်သစ် ဝါရင့် ဂိုးသမား လိုရစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လက်စွမ်းပိုင်းတွေ တည်ငြိမ်ခြင်း မရှိခဲ့သလို ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတာကြောင့် စပါး အသင်းအနေနဲ့ ရာသီပိတ် ပွဲစဉ်တွေအတွင်း အရန် ဂိုးသမား ဖော်စတာနဲ့သာ စခန်းသွားခဲ့ရပါတယ်။ အခုတော့ စပါးက လိုရစ်အပြင် ဖော်စတာကိုပါ လက်လွတ်သွားရဖို့ ရှိနေတဲ့အတွက် ဒီဂိုးသမားတွေ နေရာမှာ ပြန်လည် အစားထိုးဖို့ လိုအပ်လာခဲ့ပြီး လက်ရှိမှာတော့ စပါးအနေနဲ့ ဘရန့်ဖို့ဒ်က စပိန်လက်ရွေးစင် ဂိုးသမား ရာယာကို ခေါ်ယူနိုင်တော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : The Times

အသက် (၂၇)နှစ်အရွယ် ဘရန့်ဖို့ဒ်ရဲ့ ပင်တိုင် ဂိုးသမား ရာယာဟာ ၂၀၁၉ခုနှစ်ကတည်းက ဘလက်ဘန်းကနေ ဘရန့်ဖို့ဒ်ဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ ဘရန့်ဖို့ဒ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၁၆၁)ပွဲအထိကို ပါဝင်ထားခဲ့သလို ဘောလုံးရာသီ (၄)ရာသီကိုလည်း ဖြတ်သန်းထားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်အသင်း ချန်ပီယံရှစ်မှာ ရှိနေစဉ်ကတည်းက အသင်းဆီကို ပြောင်းရွှေ့ခဲ့တဲ့ ရာယာဟာ အခုဆိုရင်တော့ ပရီးမီးယားလိဂ်ရဲ့ အထင်ကရ ဂိုးသမားတစ်ဦး ဖြစ်လာခဲ့သလို သူ့ကို မန်ယူနိုက်တက် ချယ်လ်ဆီး စပါး တို့ကလည်း အလိုရှိလာခဲ့ပါတယ်။

Photo Credit : Football365

လက်ရှိမှာတော့ ရာယာဟာ စပါးအသင်းဆီ ပြောင်းရွှေ့ဖို့အတွက် လက်ခံထားခဲ့တာကြောင့် စပါးအနေနဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့အတွက် ဘရန့်ဖို့ဒ်အသင်းနဲ့သာ အပြောင်းအရွှေ့ ကိစ္စရပ်ကို ဆက်လက် ဆွေးနွေးရတော့မှာပဲ ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်ကတော့ သူတို့ ဂိုးသမားအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း(၄၀)အထိ အလိုရှိနေပြီး စပါး ဥက္ကဌ ဒန်နီရယ် လီဗီးဘက်ကရော ရာယာအတွက် ဒီလောက် ပမာဏအထိ အသုံးပြုသွားပါ့မလားဆိုတာကလည်း စောင့်ကြည့်ချင်စရာ ဖြစ်နေရပါတယ်။

Featured Photo : The Sun