တိုက်စစ်ကစားသမားတိုင်းနဲ့ ရင်ဆိုင်ရတိုင်းမှာ ခပ်ကြမ်းကြမ်း ကစားတတ်သူ သူပါဝင်ကစားတဲ့ အသင်းတိုင်းအတွက်ကိုလည်း အကောင်းဆုံး ဦးဆောင်ပေးနိုင်သူ ဝါရင့် နောက်ခံလူကြီး ဆာဂျီယို ရာမို့စ် ကတော့ စပိန်လက်ရွေးစင် ကစားသမားဘဝကနေ အနားယူလိုက်ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

Photo Credit : Football Espana

လက်ရှိမှာ အသက်(၃၆)နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်သော ရာမို့စ်ဟာ လွန်ခဲ့တဲ့ အနှစ်(၂၀)လောက်ကတည်းက စီနီယာ ဘောလုံးသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး ဆီဗီလာအသင်းမှာ စတင် ပါဝင်ခဲ့ပါတယ်။ ကစားသမားဘဝအတွင်း ဆီဗီလာ ရီးယဲလ်မက်ဒရစ် ပီအက်စ်ဂျီ (၃)သင်းတည်းမှာသာ ပါဝင်ခဲ့ဖူးတဲ့ ရာမို့စ်က ၂၀၀၅ခုနှစ်မှာပဲ စပိန်လက်ရွေးစင် အသင်းအတွက် စတင် ရွေးချယ်ခံလာရပြီး အဲ့လို ရွေးချယ်ခံရချိန်မှာ ရာမို့စ်ရဲ့ အသက်က (၁၈)နှစ်သာ ရှိနေပါသေးတယ်။

Photo Credit : Sky Sports

တဖြည်းဖြည်းနဲ့ စပိန်လက်ရွေးစင် အသင်းရဲ့ အရေးပါလှသော ကစားသမားတစ်ဦး ဖြစ်လာခဲ့တဲ့ ရာမို့စ် ဟာ ယူရို-၂၀၀၈ပြိုင်ပွဲကနေ စတင်ပြီး အဓိက ဖလားပြိုင်ပွဲကြီးတွေမှာ တောက်လျှောက် ပါဝင်လာခဲ့ရင်း အဲ့ဒီ ယူရိူ-၂၀၀၈မှာပဲ ချန်ပီယံဆုကို စတင် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလားမှာလည်း ရာမို့စ် စပိန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကြီးကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့သလို ယူရို-၂၀၁၂မှာလည်း back-to-back ချန်ပီယံပါ ဖြစ်လာခဲ့ရပါသေးတယ်။ လက်ရွေးစင် ကစားသမားဘဝအတွင်း ယူရိုဖလားကိုရော ကမ္ဘာ့ဖလားကိုပါ တစ်ဆက်တည်း ရယူနိုင်ခဲ့တဲ့ ရာမို့စ်ဟာ သူရဲ့လက်ရွေးစင် ကစားသမားဘဝက အောင်မြင်မှုများစွာနဲ့ အဖွင့်လှပခဲ့ရပါတယ်။

Photo Credit : FotMob

နောက်ပိုင်းမှာတော့ ရာမို့စ် က ဒဏ်ရာပြသာနာတွေနဲ့ လုံးပန်းလာခဲ့ရပြီးတဲ့နောက်ပိုင်း သူ့ကို လက်ရွေးစင်အသင်းကနေ ချန်လှပ်လာခဲ့ပြီး နောက်ဆုံးမှာတော့ ပြိုင်ပွဲကြီးတွေကိုပါ လွဲချော်လာခဲ့ရပါတယ်။ ကစားခွင့်တွေ မရလာတော့တဲ့ ရာမို့စ်က သူရဲ့လက်ရွေးစင် ကစားသမားဘဝကို အဆုံးသတ်လိုက်ဖို့အထိ စဉ်းစားလာခဲ့ပြီး ဖေဖော်ဝါရီ (၂၃)ရက်နေ့မှာပဲ retirement ယူလိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေညာလာခဲ့ပါတယ်။ ဒီလို အနားယူခဲ့တာလည်း အသက်အရွယ်ကြောင့် မဟုတ်ပဲ သူရဲ့ရွေးချယ်ချက် ဆုံးဖြတ်ချက်သပ်သပ်သာ ဖြစ်တယ်လို့ ရာမို့စ်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

Featured Photo : Twitter