သင် နေ့စဥ်အသုံးပြုနေတဲ့ သင့်ရဲ့စမတ်ဖုန်းထဲတွင် သင့်ရဲ့ အရေးကြီးအချက်အလက်များ၊ အများသိလို့မရတဲ့ ဒေတာများ ပါရှိနေတာဖြစ်ပါတယ်။ ဥပမာ သင့်ရဲ့ ဘဏ် Apps များ၊ အလုပ်နှင့် ပတ်သက်တဲ့ အရေးကြီးအချက်အလက်များ စသည်တို့ ပါရှိပါတယ်။ ဒီလိုအရေးကြီးဒေတာများ စုပုံနေတဲ့ သင့်ရဲ့ စမတ်ဖုန်း ကို ဟက်ကာ တွေရဲ့ အန္တရာယ်မှ ကာကွယ်ဖို့ လိုအပ်ပါတယ်။

အခုဖော်ပြမယ့် နည်းလမ်းများဖြင့် သင့်ရဲ့ စမတ်ဖုန်း ကို ဟက်ကာ တွေရဲ့ အန္တရာယ်မှ ကာကွယ်နိုင်ပါတယ်။

သင့်ဖုန်းကို သင့်မျက်ကွယ်ရာမှာ မထားခဲ့ပါနဲ့

Photo: iStock

ကော်ဖီဆိုင်မှာ ထိုင်နေတဲ့အခါ၊ လူများတဲ့နေရာတွေမှာ ထိုင်နေတဲ့အခါ သင့်ရဲ့ စမတ်ဖုန်းကို သင့်မျက်ကွယ်ရာမှာ မထားခဲ့ပါနဲ့။ ဒီအချက်ကတော့ အရေးအကြီးဆုံးပဲဖြစ်ပါတယ်။ မတော်တဆ ပျောက်ရှသွားတဲ့အခါ သင့်ရဲ့ အရေးကြီးအချက်အလက်များအားလုံး ဆုံးရှုံးသွားမှာပဲဖြစ်ပါတယ်။

သင့်ဖုန်း Password များကို လွယ်တဲ့ Password မပေးပါနဲ့

Photo: Watchguard

သင့်ဖုန်းရဲ့ Password ကို ၁၂၃၄ (သို့) ၀၀၀၀ အစရှိတဲ့ လွယ်ကူတဲ့ နံပါတ်များ မပေးပါနဲ့။ Pattern Lock အသုံးပြုကာ Lock ချထားသူများကလည်း လွယ်ကူရိုးရှင်းတဲ့ Pattern Lock မျိုး မပေးပါနဲ့။ ဒါ့အပြင် Password ချထားသူများအနေနဲ့ Password ဖွင့်တဲ့အခါ လူအများမြင်အောင် ဖွင့်တာမျိုး မလုပ်ရပါဘူး။ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း သိုသိုသိပ်သိပ် ဖွင့်ရမှာဖြစ်ပါတယ်။

Password များ သိမ်းထားတဲ့ Notes ကို သေချာသော့ခတ်ထားပါ

Photo: Business Insider

သင့်ရဲ့ Gmail Password များ၊ ဘဏ်အကောင့်နှင့် Password များကို ဖုန်းထဲမှာ သိမ်းထားတတ်ပါသလား။ ဒါဆိုရင်တော့ ထို Password များ သိမ်းထားတဲ့ မှတ်စု App ကိုလည်း ဖုန်း Password နဲ့ မတူတဲ့ နောက်ထပ် Password အသစ်ဖြင့် ထားထားရမှာဖြစ်ပါတယ်။ ဒါမှသာလျှင် မတော်တဆ သင့်ရဲ့ စမတ်ဖုန်း က ဟက်ကာ (သို့) ခါးပိုက်နှိုက်တွေရဲ့ လက်ထဲ ရောက်သွားတဲ့အခါ အချက်အလက်များအားလုံး အခိုးမခံရမှာဖြစ်ပါတယ်။

လုံခြုံမှုမရှိတဲ့ အများသုံး ဝိုင်ဖိုင်များကို အသုံးမပြုပါနဲ့

Photo: Rottenwifi

ဟက်ကာတွေသည် အများပြည်သူသုံး ဝိုင်ဖိုင်များကို အသုံးပြုကာ သင့်ရဲ့ စမတ်ဖုန်းထဲရှိ အရေးကြီးတဲ့ သတင်းအချက်အလက်များ၊ ဥပမာ သင့်ရဲ့ ဘဏ်အကောင့်များ၊ Password များကို ခိုးယူမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ အများပြည်သူသုံး ဝိုင်ဖိုင်များနှင့် Mobile Banking များကို Password ဖွင့်ပြီး အသုံးပြုတာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။

တွေ့ကရာ Link များကို လျှောက်မနှိပ်ပါနဲ့

Photo: Experian

Facebook ပေါ်မှာ ခေတ်စားနေတဲ့ အပျော်ဆော့ App များကို သင် ရင်းနှီးကျွမ်းဝင်နေပါလိမ့်မယ်။ ဥပမာ – သင်သည် Harry Potter ကာရိုက်တာထဲက ဘယ်ကာရိုက်တာမျိုးလဲ၊ သင် ဒေါသထွက်ရင် ဘာနဲ့တူသလဲ စတဲ့ Test မျိုးစုံ ရှိပါလိမ့်မယ်။ ထို Link များသည်လည်း လုံခြုံမှု အားနည်းတဲ့ Link တွေဖြစ်ပါတယ်။ ဒါ့အပြင် မိမိရဲ့ မက်ဆင်ဂျာဆီသို့ ပို့လာသမျှ Link များကိုလည်း ချက်ချင်း ကောက်နှိပ်တာမျိုးကို ရှောင်ကြဉ်ရပါမယ်။

Source: Webroot

Featured Image: Sectigostore