ကားတွေဆိုတာ အမျိုးသားတွေ ကြိုက်နှစ်သက်တဲ့ ပစ္စည်းများထဲက တစ်ခုပါပဲ။ လူအချို့ကတော့ ကားတွေကို အသည်းအသန် ရူးသွပ်ကြပါတယ်။ အချို့ကတော့ ရှေးဟောင်းကားတွေကို ကြိုက်နှစ်သက်ကြတယ်၊ အချို့ကတော့ဇိမ်ခံကားတွေ ကြိုက်နှစ်သက်ကြတယ်၊ အချို့ကတော့ Sports ကားတွေကို ကြိုက်နှစ်သက်ကြတယ်။ ကားအမျိုးအစားအလိုက်‌ အကြိုက်တွေ မတူနိုင်ပေမဲ့ ပုရိသတို့ စိတ်အာရုံကို ဆွဲဆောင်နိုင်တဲ့ အရာတွေထဲမှာ ကားတွေဟာလည်း အပါအဝင်ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကမ္ဘာပေါ်က တန်ဖိုးကြီး ကားတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီကားတွေထဲမှာ ကွီးတို့ စိတ်ကူးထဲက ကားတွေ ရော ပါမလားဆိုတာ ကြည့်လိုက်ရအောင်။

Rolls Royce Boat Tail

Photo : Mortar Trend

ပထမဆုံးဖော်ပြပေးချင်တဲ့ ကားကတော့ ကမ္ဘာ့ထိပ်တန်း ကားကုမ္ပဏီဖြစ်တဲ့ Rolls-Royce Motor Cars မှ ဖန်တီးထားတဲ့ အလယ်အလတ် အရွယ်အစားရှိတဲ့ ဇိမ်ခံကားပဲ ဖြစ်ပါတယ်။ ဒီကားက စူပါပါဝါ အင်ဂျင်၊ တောက်ပမှု၊ ဂုဏ်သိက္ခာရှိမှု၊ စွဲမက်ဖွယ်ဒီဇိုင်း စတဲ့ တန်ဖိုးကြီး ဇိမ်ခံကားတွေမှာ ပါရှိတဲ့ အင်္ဂါရပ်များပါဝင်တဲ့ ကားပါပဲ။ ဒီကားက ဒေါ်လာ ၂၈ သန်းခန့် ကျသင့်မှာ ဖြစ်ပါတယ်။

Bugatti La Voiture Noire

Photo : Supercar Blodie

La Voiture Noire ဆိုတာကတော့ ပြင်သစ်ဘာသာစကားဖြစ်ပြီး “The Black Car” အနက်ရောင်ကားလို့ အဓိပ္ပာယ်ရပါတယ်။ နာမည်နဲ့ လိုက်အောင် အနက်ရောင် တောက်ပတဲ့ အရှိန်အဝါနဲ့အသွင်အပြင်ကို ပေးစွမ်းတဲ့ ဈေးအကြီးဆုံး ကားတစ်စီးပါပဲ။ ဒီကားရဲ့ အမြင့်ဆုံးမြန်နှုန်းကတော့ 261 MPH ဖြစ်ပါတယ်။ Bugatti La Voiture Noire ကားရဲ့ မိတ်ဆက်ပွဲကို ၂၀၁၉ ခုနှစ် Geneva International Motor Show မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီကားရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၁၈ သန်းခန့် ကျသင့်မှာ ဖြစ်ပါတယ်။

Bugatti Centodieci

Photo : CNBC

Bugatti Centodieci ကားကိုတော့ Bugatti ရဲ့ ပြင်သစ်ထုတ်လုပ်ရေးစက်ရုံမှာ တည်ဆောက်ထားပါတယ်။ Bugatti Centodieci ကားကို အရေအတွက် အကန့်အသတ်ဖြင့် ထုတ်လုပ်ထားပြီး ကမ္ဘာပေါ်မှာ ၁၀ စီးသာ ရှိတယ်လို့ ဆိုပါတယ်။ ဒီကားရဲ့ အမြင့်ဆုံးမြန်နှုန်းကတော့ တစ်နာရီ ကီလိုမီတာ ၃၈၀ ရှိပြီး ၂.၄ စက္ကန့်အတွင်းမှာ 100 kmh ကို ရောက်နိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၄ သန်း ခန့်ကျသင့်မှာ ဖြစ်ပါတယ်။

Pagani Zonda HP Barchetta

Photo : Firetpost

ဒီကားကိုတော့ Pagani Zonda ကိုတည်ထောင်သူရဲ့ မွေးနေ့မှာ ပထမဆုံး ထုတ်ဖော်ခဲ့ပြီး ဒေါ်လာ ၁၃ သန်းနဲ့ စတင်ရောင်းချခဲ့ပါတယ်။ ထူးခြားသော ဒီဇိုင်းနဲ့ Pagani Zonda HP Barchetta ရဲ့ အသွင်အပြင်က တန်ဖိုးကြီး ဇိမ်ခံကားတွေကို စုဆောင်းသူတွေ၊ သဘောကျနှစ်သက်တတ်တဲ့သူတွေ အတွက်တော့ တကယ်ကို အကြိုက်တွေ့စေမဲ့ ကားပါပဲ။

Rolls Royce Sweptail

Photo : Flickr

ဒီကားကလည်း Rolls-Royce Motor Cars မှ ထုတ်လုပ်တဲ့ စူပါ ဇိမ်ခံကား ဖြစ်ပါတယ်။ ဘီလျံနာ Samuel Tak Lee ရဲ့သား Sam Li က ကမ္ဘာပေါ်တွင် တစ်စီးတည်းသော ဒီကားကို ပိုင်ဆိုင်တယ်လို့ ဆိုထားပါတယ်။ ဒီကားရဲ့ တန်းဖိုးအနေနဲ့ကတော့ ဒေါ်လာ ၁၃ သန်းခန့် ကျသင့်မှာ ဖြစ်ပါတယ်။

အခုဖော်ပြပေးလိုက်တဲ့ တန်ဖိုးကြီး ဇိမ်ခံကားတွေထဲမှာ စီးဖြစ်အောင်စီးမယ်ဆိုတဲ့ ကွီးတို့ စိတ်ကူးထဲက ကားတွေ ပါပါသလား။

Source : Purnea University

Featured Photo : Bugatti