မန်ချက်စတာ စီးတီးအသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ် ကစားသမား ဂွန်ဒိုဂန် က လက်ရှိအချိန်မှာ မန်စီးတီးနဲ့ စာချုပ် သက်တမ်းက ကုန်ဆုံးသွားခဲ့ပြီဖြစ်လို့ သက်တမ်း တိုးခြင်းမရှိတော့ပဲ ဘာစီလိုနာ အသင်းဆီကိုသာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။

Photo Credit : Clutch Points

အသက် (၃၂)နှစ်အရွယ်ရှိ ဂျာမနီ လက်ရွေးစင် ကွင်းလယ်လူ ဂွန်ဒိုဂန်ဟာ နုရင်ဘတ်အသင်းမှာ သူရဲ့ စီနီယာ ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး အဲ့ဒီကတစ်ဆင့် ဒေါ့မွန်ကို ရောက်ရှိခဲ့ပြီး ၂၀၁၆မှာတော့ မန်စီးတီးကို ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ မန်စီးတီးအသင်းမှာ ကစားသမားဘဝရဲ့ အမြင့်မားဆုံး အောင်မြင်မှုတွေကို ရရှိခဲ့တဲ့ ဂွန်ဒိုဂန် ဟာ စီးတီးနဲ့ ပရီးမီးယားလိဂ်ဖလား (၅)ကြိမ် အပါအဝင် မနှစ်က ဘောလုံးရာသီမှာပဲ သမိုင်းဝင် ဖလား (၃)လုံး အောင်မြင်မှုကြီးကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

Photo Credit : Youtube

Vision အရမ်းကောင်းမှု အားကစားသမားကောင်း ပီသပြီး ခေါင်းဆောင်နိုင်မှု စွမ်းရည် ကောင်းမွန်မှုတွေနဲ့ ကျော်ကြားခဲ့သူ ဂွန်ဒိုဂန်ဟာ စီးတီးမှာ ပါဝင်ကစားခဲ့တဲ့ ဘောလုံးရာသီ (၇)ရာသီအတွင်း ပွဲပေါင်း (၃၀၄)ပွဲအထိ ပါဝင် ကစားနိုင်ခဲ့သလို သွင်းဂိုး စုစုပေါင်း ဂိုး (၆၀)အထိလည်း သွင်းယူနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်နိုင်မှုတွေကြောင့် စီးတီးဘက်က ဂွန်ဒိုဂန် ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ကစားသမားကိုယ်တိုင်က သူရဲ့ dream club ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ကစားဖို့ စိတ်အားထက်သန်နေတာကြောင့် စီးတီးရဲ့ စာချုပ် ကမ်းလှမ်းမှုကို ပယ်ချပြီး ဘာစီလိုနာ ကိုသာ ရွေးချယ်သွားခဲ့ပါတယ်။

Photo Credit : Youtube

ဂွန်ဒိုဂန် က ဘာစီလိုနအသင်းမှာ စီးတီးတုန်းက ရရှိခဲ့တဲ့ လစာထက်ကို လျှော့ယူသွားမှာဖြစ်ပြီး တစ်နှစ်လုပ်ခလည်း ယူရို (၉)သန်း ရရှိသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဂွန်ဒိုဂန်က ဘာစီလိုနာအသင်းနဲ့ ၂၀၂၅ခုနှစ် ဇွန်လအထိ စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး နောက်ထပ် ထပ်ဆောင်း တစ်နှစ်လည်း ပါဝင်သွားမှာ ဖြစ်ပါတယ်။ ဂွန်ဒိုဂန်ဟာ လာမယ့် ဇူလိုင် (၁)ရက်နေ့မှာပဲ ဘာစီလိုနာ အသင်းရဲ့ ကစားသမားသစ် တရားဝင် ဖြစ်လာပါတော့မယ်။

Featured Photo : Youtube