နယူးကာဆယ် အသင်းရဲ့ ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ် ကစားသမား ဘရူနို ဂွီမာရေ့စ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ သူတို့အသင်း အကောင်းဆုံး အဆင့် ရပ်တည်မှုကို ရရှိခဲ့ပေမယ့်လည်း မန်ချက်စတာ စီးတီးအသင်းနဲ့ ရင်ဆိုင်ရချိန်တိုင်းမှာတော့ လူကြီးအသင်း နဲ့ ကလေးအသင်းတို့ ကစားနေရတဲ့အတိုင်း ဖြစ်နေရတာကို စိတ်ပျက်မိတယ်လို့ ဝန်ခံ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

နယူးကာဆယ်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လိဂ်ဖလား ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်ကို တက်လှမ်းနိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာ ဆိုရင်လည်း အဆင့် (၄)နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့ရင်း ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ဒါပေမယ့် နယူးကာဆယ်က မန်စီးတီးလို အသင်းကြီးမျိုးကိုတော့ ယှဉ်ကစားဖို့ ခက်ခဲနေရပြီး စီးတီးနဲ့ ရင်ဆိုင်ရတိုင်းလိုလိုမှာလည်း အရမ်းကောင်းလွန်တဲ့ အသင်းကြီးနဲ့ ရင်ဆိုင်ရတာမို့ ခက်ခဲရတယ်လို့ ဂွီမာရေ့့စ်က ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Manchester City News

“မန်စီးတီးက အင်္ဂလန်မှာ ရှိတဲ့ အသင်းအားလုံးထက် ခြေတစ်လှမ်း ပိုသာနေတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ သူတို့အသင်းနဲ့ ကစားရတဲ့ အချိန်တိုင်းမှာ ကျွန်တော်တို့အတွက် အဆိုးဆုံးပါပဲ။ ဒါကို မုန်းတီးပါတယ်။ အဲ့ဒီလို အချိန်မျိုးမှာ ကျွန်တော်တို့က ကလေးအသင်း ဖြစ်နေပြီး သူတို့တွေက ပရော်ဖက်ရှင်နယ် အသင်းလို ဖြစ်နေတတ်တယ်။ ကြောက်စရာကောင်းတယ်။ သူတို့က ကစားသမား (၁၅)ယောက်လောက် ကစားနေရပုံရပြီး ကျွန်တော်တို့က (၇)ယောက်လောက်နဲ့ ကစားနေသလိုပဲ။ ပွဲကို ကြည့်လိုက်ရင် နေရာတိုင်းမှာ မိုးပြာရောင်တွေနဲ့ တွေ့နေရသလို။ သူတို့ ကစားတာက ရူးသွပ်စရာ ကောင်းလောက်အောင်ကို ထူးခြား ကောင်းမွန်ပါတယ်။” လို့ ဂွီမာရေ့စ်က ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sempre Milan

လက်ရှိမှာတော့ ဂွီမာရေ့စ်ရဲ့ နယူးကာဆယ်အသင်းက နွေရာသီမှာ ကစားသမား အင်အားဖြည့်တင်းမှုအဖြစ် အေစီမီလန်က အီတလီ ကွင်းလယ် ကြယ်ပွင့် ဆန်ဒရို တိုနာလီကို ယူရို (၆၄)သန်းနဲ့ ခေါ်ယူထားခဲ့ပြီး လက်ရှိမှာလည်း ချယ်လ်ဆီး ဘရိုက်တန် ဘရန့်ဖို့ဒ် ဖူလ်ဟမ် ဗီလာတို့နဲ့အတူ အမေရိကန်မှာ ဖိတ်ခေါ်ပြိုင်ပွဲကိုပါ ဝင်ရေက် ဆင်နွဲသွားဖို့ ရှိနေပါတယ်။

Featured Photo : The Sun