မန်ချက်စတာ စီးတီး အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီးဖြစ်သူ ဒေးဗစ် ဆေးလ်ဗား က မကြာသေးခင်ကပဲ သူရဲ့လက်ရှိကလပ် ရီးယဲလ် ဆိုစီဒက်အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ထားခဲ့သလို တစ်ဖက်မှာလည်း နောက်ထပ် စီးပွားရေး တစ်ခုအဖြစ် ဝိုင်လုပ်ငန်းကို တိုးချဲ့လုပ်ကိုင်လျက် ရှိနေပါတယ်။

Photo Credit : Bleacher Report

လက်ရှိမှာ အသက် (၃၇)နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ဆေးလ်ဗား ဟာ သူရဲ့ဘောလုံးသမားဘဝကို အဆုံးသတ်ရလုနီးပါး ဖြစ်လာပြီမို့ retired မလုပ်ခင်မှာပဲ တခြား စီးပွားရေးတစ်ခုကို ကြိုတင် လုပ်ကိုင်ထားတာပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၄)နှစ်ခန့်လောက်ကတည်းက ဆေးလ်ဗားဟာ ဝိုင်လုပ်ငန်းမှာ အောင်မြင်နေသူ ဂျိုနသန် ဂါဆီယာနဲ့ ပူးပေါင်းပြီး ကာနေရီကျွန်းတွေပေါ်မှာ Bodega Tameran လို့ အမည်ရတဲ့ ဝိုင်ထုတ်လုပ်ရာ နေရာတွေ စတင် လည်ပတ်ခဲ့ပါတယ်။

Photo Credit : The Sun

ဆေးလ်ဗားက သူရဲ့စွန့်ဦးတီထွင်လိုမှု စိတ်ဓာတ်နဲ့ မွေးရပ်မြေ Gran Canaria မှာ စတုရန်းမီတာ တစ်သန်းနီးပါးရှိသော ခြံတစ်ခြံကို ဝယ်ယူပြီး ဝိုင်လုပ်ငန်းကို စတင်ခဲ့ပါတယ်။ ဂါဆီယာကတော့ ဆေးလ်ဗားရဲ့ ဝိုင်လုပ်ငန်းအပေါ် ထားရှိတဲ့ စိတ်နေစိတ်ထားကို ချီးမွမ်းထားခဲ့ပြီး ဆေးလ်ဗားက တခြား ဘယ်အရာကိုပဲ လုပ်ဆောင်လုပ်ဆောင် အကောင်းဆုံး လုပ်ဆောင်တတ်သူလို့ သတ်မှတ် ပြောဆိုခဲ့ပါတယ်။ ဆေးလ်ဗား ကိုယ်တိုင်ကလည်း အရည်အသွေး မြင့်မားတဲ့ ဝိုင်ကောင်းကောင်းတွေကို ထုတ်လုပ်သွားနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ကြေညာထားခဲ့ပါတယ်။

Photo Credit : The Economic Times

အခုဆိုရင် ဆေးလ်ဗား ရဲ့ Baboso ဝိုင်တွေကို လန်ဒန်မြို့က နာမည်ကြီး စားသောက်ဆိုင်တွေ တစ်ပုလင်းကို ပေါင် (၁၅၀)ခန့်နဲ့ ရောင်းချနေလျက် ရှိနေပြီး ဒီနှစ်အတွင်းမှာပဲ ဝိုင်ပုလင်းပေါင်း တစ်သောင်းကျော်လောက်အထိ ရောင်းချထားနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီလို ဝိုင်လုပ်ငန်းမှာပါ အလုပ်ဖြစ်လာခဲ့တဲ့ ဆေးလ်ဗားဟာ အိမ်ခြံမြေလုပ်ငန်းမှာပါ ရင်းနှီးမြှပ်နှံမှု လုပ်ဆောင်ထားပြီး Amadores မှာ သီးသန့် ကမ်းခြေကလပ်တစ်ခုနဲ့ ဇိမ်ခံ အပန်းဖြေစခန်း (၈၈)ခုအထိပါ ပိုင်ဆိုင်ထားပါသေးတယ်။ စီးပွားရေးပိုင်းမှာ အခြေအနေကောင်းနေတဲ့ ဆေးလ်ဗားဟာ သူရဲ့အဓိက အသက်မွေးဝမ်းကြောင်းဖြစ်သော ဘောလုံးအားကစားဘက်မှာပါ လက်ရှိအချိန်ထိ အကောင်းဆုံး စွမ်းဆောင်ထားနိုင်ပြီး ဆိုစီဒက်ကိုပါ ချန်ပီယံလိဂ်ပြိုင်ပွဲဆီ ပို့ဆောင်ပေးနိုင်ဖွယ် ရှိနေပါတယ်။

Featured Photo : The Sun