အင်္ဂလန်က မီဒီယာတွေရဲ့ ကောင်းမှုကြောင့် အင်္ဂလန်ကစားသမား တော်တော်များများက Overrated Players တွေ ဖြစ်လာခဲ့ရပြီး သူတို့ရဲ့ တန်ကြေးတွေကလည်း ခေါင်ခိုက်လွန်းနေတတ်ပါတယ်။ လက်ရှိမှာလည်း အင်္ဂလန် ကစားသမားတွေထဲကမှ ပြောင်းရွှေ့ကြေး အမြင့်ဆုံးတွေဖြစ်တဲ့ ဂျက် ဂရီးလစ်ရှ်နဲ့ ဟာရီ မက်ဂွိုင်းရားတို့ဟာလည်း သူတိုရဲ့ တန်ကြေးတွေနဲ့ ထိုက်တန်မှု ရှိလှတဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်ခြင်း မရှိသေးလို့ သူတို့ကို အင်္ဂလန် “ဂျင်း” တွေအဖြစ် ယူဆနေပါပြီ။ ဒါဆိုရင် ဂျေဒန် ဆန်ချို ကိုရော အင်္ဂလန် “ဂျင်း”လို့ ယူဆထားကြပြီလား?

Photo Credit : Manchester United

ဆန်ချို က ပြီးခဲ့တဲ့ရာသီကမှ မန်ယူနိုက်တက်ကို ရောက်လာတယ်။ သူ့ကို ခေါ်ဖို့ ပေါင် (၇၅) သန်း သုံးခဲ့ရတယ်။ ပထမဆုံးရာသီမှာ အသင်းအတွက် (၅) ဂိုး သွင်းပေးတယ်။ (၃) ဂိုး ဖန်တီးတယ်။ ပြိုင်ပွဲစုံမှာ (၃၈) ပွဲ ကစားတယ်။ တစ်ရာသီအတွင်း စွမ်းဆောင်ခဲ့သမျှ အချက်အလက်တွေအရတော့ ဆန်ချိုက မန်ယူနိုက်တက်အတွက် ကောင်းမွန်တဲ့ ခေါ်ယူမှု မဖြစ်ခဲ့ဘူးလို့ပဲ ပြောရပါမယ်။

Photo Credit : The Times

နောက် ဒုတိယရာသီ (အခုလက်ရှိ ဘောလုံးရာသီ) မှာတော့ ဆန်ချိုက ရာသီအစကတည်းက ဂိုးတွေ သွင်းယူလာနိုင်ခဲ့တယ်။ လီဗာပူးလ် လက်စတာတို့ကို အနိုင်ရတဲ့ပွဲတွေနဲ့ ရှာရစ်ခ်ကို အနိုင်ရခဲ့တဲ့ပွဲတွေမှာ ဂိုးတွေသွင်းယူလာနိုင်ခဲ့တယ်။ ဒါကြောင့် ဆန်ချိုကို မန်ယူနိုက်တက် ပရိသတ်တွေက ပြန်ပြီး မျှော်လင့်လာကြတယ်။ ဒါပေမယ့် ဆန်ချိုက ဒီလို form ကောင်းတစ်ခု ထိန်းထားနိုင်ခြင်း မရှိတဲ့အပြင် သူရဲ့ ခြေစွမ်းတွေပါ ပြန်လည် ကျဆင်းလာခဲ့ရင်း နောက်ဆုံးမှာတော့ (၃) လ နီးပါးလောက်အထိ အသင်းရဲ့ လူစာရင်းထဲကနေ ပျောက်ကွယ်သွားခဲ့ရပါတယ်။

Photo Credit : Manchester Evening News

အဲ့ဒီ အချိန်ကာလတွေအတွင်း ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာပြန်လည် ကောင်းမွန်လာစေဖို့ တစ်ဦးတည်းသီးသန့် လေ့ကျင့်မှုတွေအထိ လုပ်ဆောင်ခဲ့ရတဲ့ ဆန်ချိုဟာ ဖေဖော်ဝါရီလအစမှာပဲ မန်ယူနိုက်တက်အတွက် ပြန်လည်ကစားပေးခွင့် ရလာခဲ့ရင်း ပြီးခဲ့တဲ့ လိဒ်စ်ယူနိုက်တက်နဲ့ပွဲမှာ အသင်းအတွက်အရေးကြီးတဲ့ ချေပဂိုးကိုပါ သွင်းယူနိုင်ခဲ့ပါတယ်။ ဆန်ချိုအနေနဲ့ အခုအချိန်မှာ အသင်းအတွက် တဖြည်းဖြည်းနဲ့ ပြန်လည် ကစားပေးခွင့် တွေရလာပြီမို့ ပုံမှန်နေရာအထိပါ ပြန်ရလာဖို့အတွက် အင်္ဂလန် “ဂျင်း” အဖြစ် သတ်မှတ်မခံရဖို့အတွက် ခြေစွမ်းကောင်းတွေ ထပ်မံပြသဖို့ မဖြစ်မနေ လိုအပ်ပါလိမ့်မယ်။

Featured Photo: Manchester Evening News