လီဗာပူးလ်အသင်းကတော့ လာမယ့် အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ မိုဟာမက် ဆာလာကို လက်လွတ်လိုက်ရမယ်ဆိုရင် ဆာလာ နေရာအတွက် ဒေါ့မွန် ကြယ်ပွင့် ကစားသမားဖြစ်တဲ့ မာလန်းနဲ့ ပြန်လည် အစားထိုးသွားဖွယ် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : TEAMtalk

အသက် (၃၁)နှစ်အရွယ် ရှိပြီဖြစ်တဲ့ အီဂျစ် လက်ရွေးစင် တိုက်စစ် ကစားသမား မိုဆာလာဟာ လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ်ကတည်းက ရိုးမားကနေ လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အခုဆို လီဗာပူးလ်ရဲ့ legend player တစ်ဦးပါ ဖြစ်လို့နေပါတယ်။ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ မာနေး ဖာမီနိုတို့ မရှိတော့ပေမယ့်လည်း နူးနက်ဇ် ဂျိုတာ ဂက်ပို ဒီးယက်ဇ်တို့နဲ့ အကောင်းဆုံး တွဲဖက်ပြီး အကောင်းဆုံး အရည်အသွေးတွေ ပြသထားနိုင်သေးတဲ့ ဆာလာကို ငွေအသုံး ရှယ်ကြမ်းလာတဲ့ ဆော်ဒီကလပ်တွေက မျက်စိကျနေပါတယ်။

Photo Credit : TEAMtalk

ဆော်ဒီမှာ ဈေးကွက် ဖွင့်လှစ်ထားချိန်ထိ အယ်လ်အစ်တီဟတ်အသင်းက ဆာလာကို ခေါ်ယူဖို့ မက်မောလောက်စရာ ကမ်းလှမ်းမှုတွေနဲ့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ဒီနွေမှာတော့ မခေါ်ယူနိုင်ခဲ့ပဲ လက်လျှော့ခဲ့ရပါတယ်။ ဒါပေမယ့် လာမယ့် ဆောင်းဈေးကွက် နဲ့ နွေဈေးကွက်တို့မှာ အယ်လ်အစ်တီဟတ်အပြင် အခြားသော ဆော်ဒီကလပ်တွေက ဆာလာကို ထပ်မံ ကြိုးပမ်းလာချိန်မှာ ဆာလာအနေနဲ့ စိတ်ပြောင်းလဲပြီး အသင်းပြောင်းဖို့ စီစဉ်လာခဲ့မယ် ဆိုရင်တော့ လီဗာပူးလ်အနေနဲ့ နယ်သာလန် တိုက်စစ် ကစားသမား မာလန်းကို ချိန်ရွယ်လာဖို့ ရှိနေပါတယ်။

Photo Credit : The Sun

တစ်ချိန်တုန်းက အာဆင်နယ် လူငယ်အသင်းမှာ ပါဝင်ကစားခဲ့ဖူးတဲ့ ညာတောင်ပံ ကစားသမား မာလန်းဟာ လက်ရှိမှာတော့ ဒေါ့မွန်အသင်းမှာ ကစားနေသူဖြစ်ပြီး ချီလီ ကစားသမားကြီး အလက်ဆစ် ဆန်းချက်ဇ်နဲ့ ကစားပုံ ဆင်တူတဲ့ ကစားသမားတစ်ဦးလို့ မှတ်ချက်ပြုခံရဖူးပါတယ်။ အရမ်းလျင်မြန်ပြီး အလိမ်အခေါက်စွမ်းရည် ကောင်းမွန်တဲ့ မာလန်းဟာ ဒေါ့မွန်ရဲ့ အားထားရတဲ့ တောင်ပံ ကစားသမားဖြစ်ပြီး အသက်ကလည်း (၂၃)နှစ်သာ ရှိနေပါသေးတယ်။ တိုက်စစ်နေရာစုံမှာ ကစားတက်တဲ့ မာလန်းက ဆာလာရဲ့နေရာမှာ ပြန်လည် အစားထိုးဖို့အတွက် ဗင်နီစီယပ်စ် ရိုဒရီဂို ခီယေဇာတို့ထက် ဈေးအချိုဆုံးသော option တစ်ခု ဖြစ်လာနိုင်ပါတယ်။

Featured Photo : TEAMtalk