မန်ချက်စတာ စီးတီးအသင်းက ပြီးခဲ့တဲ့ ဘောလုံးရာသီမှသာ ဥရောပ ချန်ပီယံလိဂ်ဖလားကြီးကို အသင်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် စတင် ပိုင်ဆိုင်ခဲ့ရပါတယ်။ အခုလည်း စီးတီးအသင်း တစ်ကြိမ်တစ်ခါမှ မရဖူးသေး မကိုင်မြှောက်ဖူးသေးတဲ့ ဆုဖလားတစ်ခုကို စတင် ပိုင်ဆိုင်နိုင်ရဖို့ အခြေအနေ အရမ်းကောင်းနေပါတယ်။ ဒီဖလားကတော့ ဥရောပ စူပါဖလားပါပဲ။

Photo Credit : Youtube

ချန်ပီယံလိဂ် winner နဲ့ ယူရိုပါလိဂ် winner အသင်းတို့ ထိပ်တိုက် ယှဥ်ပြိုင်ရတဲ့ ဥရောပ စူပါဖလားပြိုင်ပွဲကို ဒီနေ့ည (၁)နာရီခွဲအချိန် ဂရိနိုင်ငံမှာ မန်စီးတီး နဲ့ ဆီဗီလာတို့က ယှဥ်ပြိုင်ကြမှာပဲ ဖြစ်ပါတယ်။ မန်စီးတီး နဲ့ ဆီဗီလာအသင်းတို့က ပြီးခဲ့တဲ့ ဘောလုံးရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ဆုံတွေ့ခဲ့ပြီး စီးတီးက အုပ်စုဗိုလ်နေရာနဲ့ နောက်တစ်ဆင့်ကို တက်လှမ်းခဲ့ရင်း ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့သလို ဆီဗီလာကတော့ အုပ်စုမှာ တတိယသာ ရခဲ့လို့ ယူရိုပါလိဂ်ပြိုင်ပွဲဆီ ဆင်းကစားခဲ့ကာ ယူရိုပါလိဂ် မာစတာကြီးက ယူရိုပါလိဂ် ချန်ပီယံ ထပ်ဖြစ်ခဲ့ရပြန်ပါတယ်။

Photo Credit : Manchester City FC

မနှစ်က ရာသီထဲ ချန်ပီယံလိဂ် အုပ်စုအဆင့် နှစ်ကျော့ ကစားခဲ့ချိန် မန်စီးတီးကပဲ နှစ်ကျော့လုံးကို အနိုင်ယူခဲ့သလို လက်ရှိမှာဆိုရင်လည်း နှစ်သင်းကြား ကွာဟချက်တွေက ကြီးမားနေပါတယ်။ ဆီဗီလာက လာလီဂါမှာထက် ဥရောပပွဲတွေထဲ form ပိုကောင်းတက်တယ်လို့ ယူဆနိုင်ပေမယ့်လည်း စီးတီးကို ယှဥ်ကစားဖို့က မလွယ်ကူနိုင်ပါဘူး။ ဒီဖလားကလည်း စီးတီးတို့ လုံးဝမရဖူးသေးတဲ့ ဆုဖလားကို အရယူဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားနိုင်ပါတယ်။

Photo Credit : Eurosport

လက်ရှိမှာ မန်စီးတီးဘက်က ဒီဘရိုင်းနား ဂျွန်စတုန်းစ် နဲ့ အကီတို့ ဒဏ်ရာ အခြေအနေတွေကြောင့် ပါဝင်ဖို့ မရှိနိုင်ပဲ တစ်ဖက်က ဆီဗီလာမှာက ဒဏ်ရာ ပြသာနာ ပိုများနေရပြီး ကစားသမား ဖြည့်တင်းမှုဟာလည်း သိပ်လုပ်ဆောင်ထားတာ မရှိလို့ အသင်းရဲ့ လက်ရှိ Squad က အားနည်းနေမှာ သေချာပါတယ်။ ဒီအသင်းနှစ်သင်းရဲ့ Head-to-Head ရလဒ်တွေမှာလည်း မန်စီးတီးကပဲ အသာစီး ရထားသလို ဆီဗီလာက ယူရိုပါလိဂ် ချန်ပီယံဖြစ်ပြီး ဥရောပ စူပါဖလားကို ဆင်နွဲရတိုင်းမှာ ချန်ပီယံလိဂ် ချန်ပီယံအသင်းတွေကို တစ်ကြိမ်မှ အနိုင်မရတက်တဲ့ အစဉ်အလာတွေအရ ဒီတစ်ကြိမ်မှာလည်း သေချာပေါက် မန်စီးတီးကို အရှုံးပေးရနိုင်ပါတယ်။

Featured Photo : AugustMan Singapore