တော့တင်ဟမ် ဟော့စပါးအသင်းက ဆုဖလား အောင်မြင်မှုတွေနဲ့ အလှမ်းဝေးနေရတာဟာဆိုရင် နှစ်အတန်ကြာပါပြီ။ စပါးတို့ နောက်ဆုံး ဖလားရခဲ့တာက ၂၀၀၈ခုနှစ်တုန်းကပါ။ အဲ့ဒီတုန်းက စပါးအသင်းဟာ လိဂ်ဖလားကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းကတည်းက လက်ရှိအချိန်ထိ ဖလားလက်မဲ့ ဘောလုံးရာသီပေါင်း (၁၄)ရာသီအထိတောင် ရှိလာရပြီ ဖြစ်သလို အခုလည်း ဘောလုံးရာသီတစ်ခုထဲ ရယူဖို့ အဖြစ်နိုင်ဆုံး ဆုဖလားတစ်မျိုးဖြစ်တဲ့ လိဂ်ဖလားကနေပါ ထွက်ခွာလိုက်ရပြန်ပြီပဲ ဖြစ်ပါတယ်။

Photo Credit : Football London

စပါးအသင်းက ဖလားလက်မဲ့ ဖြစ်နေတဲ့ အချိန်ကာလအတွင်းမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ နဲ့ လိဂ်ဖလားပြိုင်ပွဲတွေရဲ့ ဖိုင်နယ်တွေဆီ တက်လှမ်းခဲ့ပေမယ့်လည်း ကံဆိုးစွာနဲ့ပဲ ဒုတိယနေရာနဲ့သာ ကျေနပ်ထားခဲ့ရပါတယ်။ ဘောလုံးရာသီ (၁၄)ရာသီထဲမှာတောင် ဖလားပြိုင်ပွဲ (၂)ခုရဲ့ ဖိုင်နယ်ကို တက်လှမ်းနိုင်တဲ့အထိ စပါးအသင်း စွမ်းဆောင်ရည်တွေဟာ မေးခွန်းထုတ်ချင်စရာ ဖြစ်နေသလို မြို့ခံအသင်းတွေ တခြားသော ပြိုင်ဘက်တွေနဲ့ ယှဉ်လိုက်ရင်လည်း စပါးပရိသတ်တွေက အမြဲတမ်း အလှောင်ခံနေရသလို ဖြစ်နေရပါတယ်။

Photo Credit : The Indian Express

အခုလည်း စပါးအသင်းက လိဂ်ဖလားပြိုင်ပွဲ ဒုတိယအဆင့်မှာ လန်ဒန် မြို့ခံကလပ် ဖူလ်ဟမ်အသင်းနဲ့ ရင်ဆိုင်ရရင်း ဖလားလက်မဲ့ ဖြစ်နေတာကို ရပ်တန့်နိုင်ဖို့ ဖြစ်နိုင်ခြေ အများဆုံး လိဂ်ဖလားကို အရယူဖို့ အားထုတ်လာမလား ထင်ခဲ့ရချိန်မှာပဲ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရှုံးပေးခဲ့ရကာ ပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခွာသွားခဲ့ရပါတယ်။ ဒီပွဲမှာ စပါးနည်းပြ ပိုစတီကိုဂလူးရဲ့ ကစားသမား အသုံးပြုပုံတွေက မေးခွန်းထုတ်ချင်စရာ ဖြစ်နေရသလို ဥရောပပွဲတွေလည်း ရှိမနေချိန် ပြည်တွင်းဖလား ပြိုင်ပွဲအတွက် ကစားသမားတွေကို အသေအချာလေး အသုံးပြုခဲ့သင့်ပါတယ်။

Photo Credit : The Mirror

ဒါပေမယ့် စပါးက ပိုချက်တီကိုဂလူး လက်ထက် ပရီးမီးယားလိဂ်မှာတော့ အတော်လေး အခြေအနေကောင်းနေရပြီး Top 4 နေရာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ပြန်လည် ရရှိဖို့ အဓိက ပစ်မှတ်ထားလာနိုင်ပါတယ်။ ဒါပေမယ့် ဒီလို ပစ်မှတ်အပြင် ဆုဖလားတွေအတွက်လည်း ပစ်မှတ်ထားသင့်သလို ပြည်တွင်း ရှုံးထွက်ပြိုင်ပွဲတွေမှာလည်း နေရာတစ်ခုထိ တက်လှမ်းနိုင်အောင် လုပ်ဆောင်နိုင်သင့်ပါတယ်။ အခုကတော့ ရယူဖို့ ဖြစ်နိုင်ခြေများတဲ့ လိဂ်ဖလားတောင် လက်လွတ်လိုက်ရပြီမို့ စပါးရဲ့ ဒီရာသီ မျှော်မှန်းချက်က Top 4 လို့သာ ပြောရပါတော့မယ်။

Featured Photo : Cartilage Free Captain