ဂျူလီယန် အယ်လ်ဗာရက်ဇ်ဆိုတဲ့ အာဂျင်တီးနား ကြယ်ပွင့်လေးဟာ တကယ့်ကို အချိန်တိုလေးအတွင်းမှာပဲ ဘောလုံးသမားတိုင်းအတွက် အိမ်မက် ဆုဖလားတွေဖြစ်တဲ့ ကမ္ဘာ့ဖလား ချန်ပီယံလိဂ်ဖလား ပရီးမီးယားလိဂ် အစရှိတဲ့ ဆုဖလားတွေကို တပုံကြီး ပိုင်ဆိုင်ရခဲ့အထိ အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။

Photo Credit : Opta Analyst

အသက် (၂၃)နှစ်အရွယ်နဲ့တင် အဓိက ဆုဖလားပေါင်း (၁၄)ခုအထိ ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ အယ်လ်ဗာရက်ဇ်ရဲ့ အောင်မြင်မှုတွေဟာ တကယ်ကို အံ့အားသင့်စဖွယ်ပါပဲ။ ဘောလုံးလောကထဲ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့တဲ့ ထိပ်တန်း ဘောလုံးသမားတွေတောင်မှ ဒီလို အောင်မြင်မှုတွေကို ရယူနိုင်ခြင်း မရှိခဲ့ပေမယ့် အယ်လ်ဗာရက်ဇ်ကတော့ (၂၃)နှစ်မှာပဲ တခြားသော ဘောလုံးသမားတွေ အားကျလောက်ရတဲ့အထိ ဆုဖလား အမြောက်အများကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Fabrizio Romano

အယ်လ်ဗာရက်ဇ်က ဆုဖလားတွေနဲ့ အနီးစပ်ဆုံး ဖြစ်နေတဲ့ မန်စီးတီး အာဂျင်တီးနား နဲ့ ရေးဗားပလိတ်တို့လို အသင်းတွေမှာ ပါဝင်ခဲ့ရလို့ ဆုဖလားတွေကို အလွယ်တကူ ရယူနိုင်တာလို့ ယူဆနိုင်ပေမယ့် ကစားသမားကောင်းတွေ ပေါများနေတဲ့ ဒီအသင်းတွေမှာတောင် ပွဲကစားခွင့်တွေ ရရှိလာနိုင်တာက အယ်လ်ဗာရက်ဇ်ရဲ့ ကြိုးစားအားထုတ်မှု စွမ်းဆောင်ရည်တွေကြောင့်ပါပဲ။ ဒါကိုလည်း မန်စီးတီး နဲ့ အာဂျင်တီးနားတို့အတွက် သူ ကစားပေးရတဲ့ ပွဲအရေအတွက်နဲ့ ဂိုးအရေအတွက်တွေမှာ မြင်တွေ့နိုင်ပါတယ်။

Photo Credit : LiveScore

အခုဆိုရင် အယ်လ်ဗာရက်ဇ်ကို ဘာစီလိုနာ နဲ့ ရီးယဲလ် မက်ဒရစ်တို့လို လာလီဂါ ဘီလူးကြီး နှစ်သင်းက စ်ိတ်ဝင်စားမှုတွေ ရရှိနေပြီ ဖြစ်ပေမယ့်လည်း အယ်လ်ဗာရက်ဇ် ကိုယ်တိုင်ကတော့ သူရဲ့ လက်ရှိကလပ် မန်စီးတီးအသင်းနဲ့သာ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းသွားချင်နေပါတယ်။ ဒီရာသီမှာ အယ်လ်ဗာရက်ဇ်ရဲ့ မန်စီးတီးအသင်းက ဖလား (၃)လုံးလမ်းကြောင်းမှာ ရှိနေသေးပြီး Double Treble Champions ဖြစ်လာနိုင်သေးတာမို့ အယ်လ်ဗာရက်ဇ်ကို ဆုဖလားတွေနဲ့အတူ ဆက်လက် မြင်တွေ့ရဖို့ ရှိနေပါတယ်။

Featured Photo : BBC